Zawgyi
မြေကြောများ
“ ဒါ….”
လင်းဖန်၏မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ ဓားကိုးစင်းတောင်တန်းပြိုကွဲသွားပြီးနောက် ကောင်းကင်နှင့်မြေကြီး၏ သန့်စင်သောချီများ ထွက်ပေါ်လာသည်။ လင်းဖန်က ထိုနေရာနှင့် နီးကပ်ခြင်းမရှိသော်လည်း အလွန်တရာ သိပ်သည်းထူထပ်သော သန့်စင်သည့်ချီများကို ခံစားနေရ၏။
“ သန့်စင်တဲ့ချီကြော… ဒါက သန့်စင်တဲ့ချီတွေ အများကြီးရှိနေတဲ့ တွင်းကြီးတစ်ခုပဲ ”
လင်းဖန်တအံ့တသြဖြစ်သွားသည်။ ဤသန့်စင်သောချီများက နှစ်ပေါင်းများစွာ စုဝေးလာခဲ့သည်ဖြစ်ရာ သန့်စင်သောကျောက်တုံးများဖြစ်လာ၏။ ထို့အပြင် မိစ္ဆာဓားကိုးလက်က အလွန်တရာ အစွမ်းထက်ပြီး ထိုနေရာမှာ နှစ်ပေါင်းများစွာ ရှိခဲ့သည်။ သို့ဖြစ်ရာ ၎င်းဓားများက န့်စင်သောချီများနှင့်ထိတွေ့ခဲ့ရခြင်းကြောင့် ဤမျှအံ့မခန်းအစွမ်းထက်နေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
လင်းဖန်အံ့အားသင့်နေရသော အရာမှာ နဂါးကိုးကောင်တောင်တန်းရှိ ဓားတောင်ကိုးလုံး၏အောက်တွင် အဖိုးမဖြတ်နိုင်သော ဤကဲ့သို့ သဘာဝရတနာရှိနေပါလျက် ဘယ်သူမှ ရှာဖွေခြင်းမပြုတာပင်။
ထို့ပြင် လင်းဖန်က ထိုအရာကို ပထမဆုံးတွေ့သောသူတစ်ယောက်ဖြစ်နေရာ ထိုသန့်စင်သောကျောက်တုံးများကို ယူမည့်အပြင် သန့်စင်သောချီများကိုလည်း စုပ်ယူလိမ့်မည်။
“ မဟုတ်ဘူး….စောစောတုန်းက မိစ္ဆာဓားကြောင့် ပျက်စီးမှုတွေ အများကြီးဖြစ်သွားခဲ့တယ်။ လူတွေအများကြီး အဝေးကို ထွက်ပြေးသွားခဲ့ကြတယ်။ ဒါပေမယ့် လူတွေပြန်လာတဲ့အခါ ဒီနေရာက သန့်စင်တဲ့ချီတွေပြည့်နေတဲ့ တွင်းကြီးတစ်ခုဆိုတာကို သိသွားကြလိမ့်မယ် ”
လင်းဖန်စိတ်လှုပ်ရှားခြင်းမရှိချေ။ ဤကဲ့သို့ အခြေအနေနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း သူကောင်းစွာ သိထား၏။ သန့်စင်သောချီများပြည့်နေသော တွင်းက အဖိုးမဖြတ်နိုင်ချေ။ ထို့အပြင် များစွာသော ရတနာများရှိနေ၏။ အကယ်၍ လူများက ထိုအရာကိုသာ တွေ့သွားခဲ့လျှင် ပိုင်ဆိုင်နိုင်ရန် အတွက် လင်းဖန်ကို တိုက်ခိုက်ကြလိမ့်မည်။
