ဗိုလ်ချုပ်
အင်ပါယာမြို့၏ ကြီးမားကျယ်ပြန့်သော လမ်းမကြီးထက်တွင် လူသုံးယောက်က လေ၏ဦးတည်ရာကို ဆန့်ကျင်၍ မြင်းများကို အရှိန်အဟုန်ပြင်းစွာ စီးလာ၏။
သူတို့က ဝါးခမောက်များကို ဆောင်းထားကြပြီး ရှည်လျားသော ဝတ်ရုံများကို ဝတ်ဆင်ထားကာ သူတို့၏ခေါင်းများကို ငုံ့၍ မျက်နှာကို ဖုံးကွယ်ထားကြသည်။
ထို့ပြင် သူတို့ထဲမှ နှစ်ယောက်က ဝါးခမောက်များအောက်တွင် ကြေးရောင်မျက်နှာဖုံးများကို တပ်ဆင်ထားသည့်အသွင်ရှိရာ သူတို့၏မျက်နှာများက လုံးဝကြောက်မက်ဖွယ်ကောင်းနေ၏။
နောက်ဆုံးတွင် ထိုလူသုံးယောက်သည် အင်ပါယာမြို့၏အပြင်ဘက်သို့ ရောက်ရှိလာပြီး ချင်ရှင်း၏စားသောက်ဆိုင်ရှေ့တွင် ရပ်လိုက်သည်။
ချင်ရှင်း၏စားသောက်ဆိုင်မှ စားပွဲထိုးများသည် သူတို့၏မြင်းများကို ဆွဲယူသွားကြ၏။ ထို့နောက် ထိုလူသုံးယောက်သည် စားသောက်ဆိုင်အတွင်းသို့ ဝင်ရောက်ခဲ့လေသည်။
လူသုံးယောက်က တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စားပွဲတစ်လုံးဆီသို့ သွားလိုက်၏။ သူတို့၏ပုံစံက တည်ငြိမ်နေသည်။
“ မင်္ဂလာပါ…ဘာများမှာမလဲခင်ဗျာ ”
စားပွဲထိုးလေးက ယဉ်ကျေးစွာဖြင့် ပြောလိုက်ရာ ခေါင်းဆောင်ဖြစ်ဟန်တူသူက သူ၏ခေါင်းကို မော့လိုက်သည်။ သူ့ပုံစံက ယောက်ျားပီသကာ ချောမောခန့်ညားသည့်အသွင် ရှိကာ သူ့မျက်နှာမှ ထူးဆန်းပြီး လေးစားဖွယ်ကောင်းသော အရိပ်အယောင်များ ထွက်ပေါ်နေ၏။ သူက အလွန်တရာ ရင့်ကျက်နေပြီး ဤကမ္ဘာနှင့်ပတ်သက်၍ အတွေ့အကြုံများသည်ဟုလည်း ထင်ရသည်။ သူ့မျက်လုံးများထဲရှိ အရိပ်အယောင်များက မာနကြီးသော ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေသည်။
“ ငါတို့ကို ရေနွေးတစ်အိုး၊ အရက်နှစ်အိုးနဲ့ အမြည်းတစ်ပွဲ ချပေးကွာ ”
သက်လတ်ပိုင်းအရွယ်လူက ရင်းနှီးဖော်ရွေသောလေသံဖြင့် ပြောလိုက်သည်။
“ ဟုတ်ကဲ့ ”
စားပွဲထိုးလေးက ပြန်လည်ဖြေကြားလိုက်ပြီး ချက်ချင်းထွက်ခွာသွား၏။
“ ဗိုလ်ချုပ်…ကျွန်တော်သွားပြီး စုံစမ်းရမလား ”
သက်လတ်ပိုင်းအရွယ်လူ၏ဘေးရှိလူက မေးလိုက်ရာ သက်လတ်ပိုင်းအရွယ်လူက ခေါင်းကို ခါယမ်းလိုကရင်း လေသံတိုးတိုးဖြင့်
“ ခဏစောင့်ဦး ”ဟုပြောလိုက်သည်။
ထိုလူက ခေါင်းကိုအနည်းငယ်ညိတ်ပြလိုက်သော်လည်း ဘာမှ ထပ်မပြောတော့ချေ။
