အပိုင်း ( ၃၄၂ )

413 43 0
                                    

#Zawgyi

တလက်လက်တောက်ပနေသော ဓားကွက်

ထိုလူနှစ်ယောက်သည် ခေါင်းတွေကို မော့လိုက်ပြီး လေထဲမှာရှိနေသည့် လင်းဖန်အား ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်ပတ်လည်တွင် တလက်လက်တောက်ပနေသော အလင်းရောင်များကြောင့် သူ့ကိုရှင်းလင်းစွာ မြင်တွေ့နိုင်ရန် ခဲယဉ်းနေသည်။
“ ကြောက်စရာကောင်းလိုက်တာ ”
လူအုပ်ထဲမှလူများ တွေးလိုက်မိ၏။ လင်းဖန်၏ဓားက နေတစ်စင်းပမာ လင်းလက်တောက်ပနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လောင်ကျွမ်းသွားစေတော့မည့်အလား ခံစားရစေသည်။
လင်းဖန်ထံသို့ ပြေးဝင်လာသော ရွှမ်ချီအဆင့်ကျင့်ကြံသူနှစ်ယောက်မှာလည်း ခေါင်းများကို မော့ကြည့်လိုက်ရာ သူတို့အထက်မှာ ရှိနေသော လင်းဖန်အား တွေ့မြင်သွား၏။ သူတို့၏နှလုံးသားများမှာ အရှိန်ပြင်းစွာ လှုပ်ခတ်သွားရပြီး ထိုအလင်းရောင်က သူတို့၏မျက်လုံးများကို ပြူးကျယ်သွားစေရန် စွမ်းဆောင်နိုင်သည်။
“ နေဝန်းနီဓားကွက် ”
လင်းဖန်က ပြောလိုက်၏။ ချက်ချင်းပင် လင်းဖန်၏ဓားတွင် ပူပြင်းသော နေရောင်ခြည်များ ပါဝင်လာရာ လူအုပ်ကြီးကို အံ့သြမှင်တက်သွားစေသည်။
ထိုဓားကွက်က အလွန်တရာ ပူပြင်းလှပြီး မျက်စိကျိန်းမတတ်တောက်ပနေရာ မျက်လုံးဖြင့်ကြည့်ရန်ပင် ခက်ခဲလှ၏။
အရင်တုန်းက လင်းဖန်သည် နေကိုကြည့်ကာ ဓားသိုင်းသုံးကွက်အား တီထွင်ခဲ့သည်။ ရောင်နီလာဓားကွက်တွင် ထွက်ပေါ်စပြုလာသော နေမင်း၏အစွမ်းများ ပါဝင်ပြီး နေဝန်းနီဓားကွက်တွင် မွန်းတည့်နေ၏အရှိန်ပြင်းသော စွမ်းအင်များ ပါဝင်သည်။ နောက်ဆုံးဓားကွက်ဖြစ်သော နေဝင်ဆည်းဆာဓားကွက်တွင် ဝင်လုဆဲနေရောင်ခြည်၏ အစွမ်းများ ပါဝင်၏။
ထို့ပြင် လင်းဖန်သည် အာကာသမီးလျှံနေမင်းကျင့်စဉ်ကို လေ့ကျင့်ထားပြီးဖြစ်ရာ ထိုအစွမ်းပါ ပေါင်းစပ်လိုက်လျှင် သူ့ဓားကွက်က များစွာ အစွမ်းထက်သွား၏။ ယခုအချိန်မှာ သူသည် အာကာသမီးလျှံနေမင်းကျင့်စဉ်နှင့် နေဝန်းနီဓားကွက်ကို ရောယှက်သုံးစွဲထားရာ အံ့မခန်းဓားစွမ်းအင်များက လင်းလက်တောက်ပလျက် ထွက်ပေါ်နေသည်။
“ နေဝန်းနီဓားကွက်…”
လူများ၏နှလုံးခုန်နှုန်းမှာမြန်ဆန်လာပြီး လင်းလက်တောက်ပလွန်းသည့် လင်းဖန်၏ဓားကြောင့် သူတို့၏မျက်လုံးများကို မှိတ်လိုက်ရသည်။ ဓားကို တိုက်ရိုက်ကြည့်ရန် သူတို့မတတ်နိုင်ပေ။ သူတို့၏စိတ်ထဲမှာ လင်းဖန်၏စကားလုံးများသာ ပဲ့တင်ထပ်နေ၏။
လင်းဖန်က များစွာ ကြောက်မက်ဖွယ်ကောင်းသူဖြစ်ရာ သူ့ကိုသာမက သူ၏ဓားကိုပါ သူတို့တိုက်ရိုက်မကြည့်ဝံ့ချေ။
လင်းဖန်ထံသို့ ပြေးဝင်လာသော ရွှမ်ချီအဆင့်ကျင့်ကြံသူနှစ်ယောက်မှာ အရှိန်ပြင်းစွာ တုန်ခါသွား၏။ သူတို့၏မျက်လုံးများမှာ အနည်းငယ်ကျဉ်းမြောင်းသွားသော်လည်း လင်းဖန်၏ဓားကို သေချာကြည့်ရန် မတတ်နိုင်ချေ။
သို့သော်လည်း လင်းဖန်၏အရှိန်ပြင်းသော ဓားက သူတို့ထံသို့ ကျဆင်းလာတာကို အာရုံခံစားလိုက်မိသည်။
အန္တရာယ်ဟုသောသတိပေးချက်က သူတို့၏နှလုံးသားထဲတွင် အချက်ပေးနေ၏။ သူတို့နှစ်ယောက်လုံးသည် လင်းဖန်ဆီသို့ ပြေးသွားနေရာမှ ရပ်တန့်လိုက်ပြီး ဓားကိုတားဆီးရန် များပြားသော သန့်စင်သည့်ချီများကို ထုတ်ဖော်လိုက်သည်။
သို့သော်လည်း ထိုသန့်စင်သောချီများသည် လင်းဖန်၏ပူပြင်းသော ဓားကွက်နှင့်ထိတွေ့မိသောအခါ တိုးညင်းသော အသံတစ်သံသာ ထွက်ပေါ်လာပြီး ပျက်ဆီးသွား၏။
လေထုထဲတွင် လင်းဖန်၏လင်းလက်တောက်ပနေသော ဓားအလင်းရောင်များက ရွှမ်ချီအဆင့်ကျင့်ကြံသူနှစ်ယောက်နှင့် သူ့ကို လွှမ်းခြုံထားရာ လူအုပ်ကြီးမှာ သူတို့သုံးယောက်ကို မတွေ့မြင်ရတော့ဘဲ အံ့မခန်းလင်းလက်သော အလင်းရောင်ကိုသာ တွေ့မြင်ရလေ၏။
ပတ်ဝန်းကျင်တစ်ခုလုံးကို တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။ လင်းဖန်၏ဓားလင်းရောင်က တဖြည်းဖြည်းပြန်လည်ပျောက်ကွယ်သွားပြီး ဖုံးကွယ်သွားခဲ့သော အလင်းရောင်အောက်က အရာများကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်လာရ၏။ သို့ရာတွင် ထိုနေရာမှာကား လင်းဖန်တစ်ယောက်တည်းသာ ရှိနေသည်။
ရွှမ်ချီအဆင့်ကျင့်ကြံသူနှစ်ယောက်ကား ဘယ်ပျောက်သွားမှန်းမသိရပေ။ လင်းဖန်အပြင် မြင်ကွင်းမှာ ဘယ်သူမှ မရှိချေ။ လေထုထဲတွင် တချို့မီးတောက်များက လောင်ကျွမ်းနေဆဲဖြစ်ပြီး တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေ၏။
“ သူတို့သေသွားပြီ ”
လူအုပ်ကြီးမှာ တအံ့တသြဖြစ်သွား၏။ လင်းဖန်၏နေဝန်းနီဓားကွက်ပျောက်ကွယ်သွားခြင်းနှင့်အတူ ရွှမ်ချီအဆင့်ကျင့်ကြံသူနှစ်ယောက်သည်လည်း အစအနရှာမရအောင် ကွယ်ပျောက်သွားခဲ့၏။ သူတို့သည် လင်းလက်တောက်ပသော ဓားအလင်းရောင်အောက်မှာ ပျောက်ဆုံးသွားခဲ့ရခြင်းဖြစ်သည်။
ရွှမ်ချီအဆင့်ကျင့်ကြံသူနှစ်ယောက်ကား လင်းဖန်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရလေပြီ။
“ လင်းဖန်ရဲ့အစွမ်းက တကယ်ကြောက်စရာကောင်းတယ် ”
လူအုပ်ကြီးမှာ တအံ့တသြဖြစ်နေ၏။ ထိုလူနှစ်ယောက်သည် ယွီမျိုးနွယ်စုအဖွဲ့ဝင်များဖြစ်ပြီး ရွှမ်ချီအဆင့်သို့ ရောက်ရှိနေသူများဖြစ်၏။ သူတို့နှစ်ယောက်က လင်းဖန်ကို လျော့တွက်ခဲ့လျှင်ပင် လင်းဖန်၏ဓားချက်ကို ခုခံနိုင်ခဲ့သင့်သည်။
ထို့ပြင် ထိုအချက်တွေအရ သူတို့နှင့်အဆင့်တူ လူတစ်ယောက်ပင် နေဝန်းနီဓားကွက်ကို ခုခံနိုင်လိမ့်မည် မဟုတ်ကြောင်းဖော်ပြနေ၏။
ထိုကြီးကျယ်မြင့်မြတ်သော လူငယ်များသည် အင်ပါယာမြို့သို့ ရောက်သည်မှာမကြာသေးသောလူငယ်လေးက ယခုအချိန်မှာ အလွန်တရာ အစွမ်းထက်နေကြောင်း နားလည်သွား၏။ သူသည် အလွန်အစွမ်းထက်လှပြီး သူ့ကို ရန်ဟလာသူများအား တွေဝေခြင်းမရှိဘဲ သတ်ပစ်သည်။
ယွီမျိုးနွယ်စု၏တိုက်ရိုက်ဆင်းသက်သူတစ်ယောက်ဖြစ်သော ယွီတျန်ရှင်းသည်လည်း သေဆုံးသွားခဲ့ရပြီဖြစ်သည်။
ထို့ပြင် ယွီမျိုးနွယ်စု၏ရွှမ်ချီအဆင့်ကျင့်ကြံသူနှစ်ယောက်သည်လည်း တဒင်္ဂအတွင်း အသတ်ခံလိုက်ရ၏။
လူအုပ်ကြီးသာလျှင် အံ့အားသင့်နေသည်မဟုတ်ပေ။ ယွီကျုံးသည်လည်း အံ့အားသင့်ကာ လင်းဖန်ကို ငေးစိုက်ကြည့်နေမိသည်။
စောစောက ကျင့်ကြံသူနှစ်ယောက်သည် ရွှမ်ချီအဆင့်နှစ်ကျင့်ကြံသူများ ဖြစ်၏။ သူတို့က သူ၏ထိန်းချုပ်မှုအောက်မှာ ရှိသည်။ ယွီတျန်ရှင်းပင် သူတို့ကို ထိန်းချုပ်နိုင်ရန် အာဏာမရှိချေ။ ယွီကျုံးထင်နေမိသည်မှာ ထိုလူနှစ်ယောက်ကိုအားကိုးပြီး လင်းဖန်ကို အလွယ်တကူ သုတ်သင်ပစ်နိုင်သည်ဟူ၍။ သို့ရာတွင် အဆုံးသတ်မှာ အမှန်တရားက မရိုးရှင်းခဲ့ပေ။ သူလွှတ်လိုက်သော ရွှမ်ချီအဆင့်ကျင့်ကြံသူနှစ်ယောက်သည် လင်းဖန်၏ဓားချက်အောက်မှာ အသက်ဆုံးရှုံးသွားခဲ့ရသည်။ ယွီကျုံးမှာ ဝင်ရောက်ကယ်တင်ရန် အခွင့်အရေးပင် မရခဲ့ချေ။
“ ဒီကောင်သေစေရမယ် ”
ယွီကျုံး၏မျက်လုံးများက ကျဉ်းမြောင်းလာပြီး သူ၏ အဖျက်အဆီးစွမ်းအင်များက ပိုမိုသန်မာလာသည်။ လင်းဖန်က သူနှင့်သူ့မျိုးနွယ်စုအတွက် ဆူးငြောင့်တစ်ခု ဖြစ်လာခဲ့ပြီ။
လင်းဖန်၏ပင်ကိုယ်စွမ်းရည်က အံ့မခန်းအစွမ်းထက်လှပြီး လူသားတစ်ယောက်ထက်ပင် ကျော်လွန်နေ၏။ အရင်တုန်းက ကောင်းကင်ဘုံသင်တန်းကျောင်းမှာ ယွီကျုံးသည် ဟဲမိုနှင့် လင်းဖန်တိုက်ခိုက်စဉ်က ဟဲမိုဘက်မှ ဝင်ရောက်ကူညီခဲ့၏။ သို့သော် ယခုအချိန်မှာ လင်းဖန်၏အစွမ်းက များစွာတိုးတက်လာခဲ့သည်။ အရင်တုန်းက လင်းဖန်သည် လင်းချီစုဆောင်းမှု အဆင့်ခြောက်သာ ရှိနေရာ ယွီကျုံး၏စိတ်ထဲတွင် လင်းဖန်ကို သေးငယ်သော အမှိုက်တစ်စအဖြစ်သာ ယူဆထားခဲ့၏။ သို့ရာတွင် အချိန်အများကြီးကုန်ဆုံးခြင်းမရှိသေးသော်လည်း လင်းဖန်မှာ သူ့ဘေး၌ အမြဲတမ်းရှိနေခဲ့သော ကျင့်ကြံသူနှစ်ယောက်ကို သတ်ဖြတ်ရန် လုံလောက်သော အစွမ်းရှိနေခဲ့သည်။
အကယ်၍ လင်းဖန်ကိုသာ မသတ်ဖြတ်နိုင်ခဲ့လျှင် လင်းဖန်က ပို၍ပင် ကြောက်စရာကောင်းလာလိမ့်မည်။
လင်းဖန်သည် သန့်စင်သောချီများဖြင့် ပြုလုပ်ထားသော ဓားပေါ်မှာ မတ်တတ်ရပ်နေ၏။ သူက လေထဲမှပင် ယွီကျုံးကိုကြည့်လိုက်ပြီး အေးစက်စက်ပြောလိုက်သည်။
“ ခင်ဗျားက ကျုပ်ရဲ့ခြေထောက်နဲ့ လက်တွေကို ဖြတ်ချင်တာလား။ ဘာလို့ ကိုယ်တိုင်ကျုပ်ကို မတိုက်ခိုက်တာလဲ ”
စကားဆုံးသောအခါ လူအုပ်ကြီး၏နှလုံးခုန်နှုန်းများမှာ အရှိန်ပြင်းစွာ တုန်ခါသွားရ၏။ လင်းဖန်သည် ကောလဟာလများ ထွက်နေသကဲ့သို့ အလွန်တရာ ကြောက်ရွံ့ခြင်းကင်းမဲ့သည်။ သူသည် လေထဲမှာ တုန်လှုပ်ခြင်းစွာ ရပ်နေရင်းမှပင် ယွီကျုံးကို လာရောက်တိုက်ခိုက်ရန် ဖိတ်ခေါ်နေ၏။
လင်းဖန်သည် အစတည်းက ယွီကျုံးကို ကြောက်ရွံ့ခြင်းမရှိကြောင်း လူအုပ်ကြီး နားလည်သွားသည်။ ယွီမျိုးနွယ်စုသာလျှင် မောက်မာဝင့်ကြွားစွာဖြင့် လင်းဖန်ကို ဆက်လက်ခြိမ်းခြောက်နေခဲ့၏။ ယွီတျန်ရှင်း၏အသက်က လင်းဖန်၏လက်ထဲ ရှိနေသည့်အချိန်မှာပင် လင်းဖန်ကို ဆက်လက်ခြိမ်းခြောက်နေရာ ယွီတျန်ရှင်း၏သေဆုံးခြင်းကို ဦးတည်သွားစေခဲ့သည်။
ယွီကျုံး၏မျက်နှာကြွက်သားများက တင်းမာတောင့်တင်းသွားပြီး စကားမပြောနိုင်အောင် အံ့သြမှင်တက်သွား၏။ လင်းဖန်က အံ့အားသင့်စရာကောင်းအောင် သူ့ကို စိန်ခေါ်နေသည်။
သူ့မိတ်ဆွေများထဲတွင် သူက အစွမ်းအနိမ့်ဆုံးဖြစ်ပြီး ရွှ့မ်ချီအဆင့်လေးသို့သာ ရောက်ရှိနေ၏။ သို့သော် အင်ပါယာမြို့ထဲ သွားလာရာတွင် သူ့ကို တိုက်ခိုက်နိုင်သူဟူ၍ အလွန်ရှားပါးလှပြီး အရှိန်အဝါကြီးမားသော အုပ်စုမှလူများသာ သူ့ကို တိုက်ခိုက်နိုင်သည်။
သို့သော် ယခုအချိန်မှာ လင်းဖန်သည် ကောင်းကင်ယံထက်မှနေ၍ သူ့ကိုကြည့်ကာ စိန်ခေါ်နေခဲ့၏။
ယွီကျုံးမှာ အလွန်ရှက်ရွံ့သည့်ပမာ ခံစားလိုက်ရသည်။ ထိုအရာက အဆုံးစွန်သော အရှက်ခွဲခံရမှုပင်။
“ မင်းက သေချင်နေတာကိုး ”
ယွီကျုံးက ရေခဲတမျှ အေးစက်စက်လေသံဖြင့် ပြောကြားလိုက်၏။ ထို့နောက် ခေါင်းကိုမော့လိုက်ပြီး လင်းဖန်ကိုကြည့်ကာ ဆက်လက်ပြောဆိုလိုက်သည်။
“ ဒီနေ့….မင်းက င့ါမျိုးနွယ်စုရဲ့မျိုးဆက်သစ်တစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်။ ငါမင်းကိုပြောခဲ့သလိုပဲ။ မင်းမိသားစုဝင်တွေနဲ့ မင်းသူငယ်ချင်းတွေအားလုံး သေစေရမယ်။ ဒုတိယမင်းသားက သူတို့ကို ကာကွယ်ပေးခဲ့ရင်တောင် တစ်ချိန်လုံး သူတို့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ယွီမျိုးနွယ်စုတည်ရှိနေသမျှ ကာလပတ်လုံး မင်းနဲ့နီးစပ်သူတွေအားလုံးအတွက် အိပ်မက်ဆိုးဖြစ်စေရမယ် ”
လင်းဖန်က ယွီကျုံးကို အပေါ်စီးမှကြည့်ရင်း ပြန်လည်ပြောဆိုလိုက်၏။
“ ခင်ဗျားပြောခဲ့သလိုပဲ။ ဒီနေရာကနေ လင်းဖန်ဆိုတဲ့ ကျုပ်ထွက်ခွာသွားနိုင်ခဲ့ရင် တစ်နေ့မှာ ယွီမျိုးနွယ်စုအတွက် ကျုပ်က ကြီးမားတဲ့အန္တရာယ်ဖြစ်လာစေရမယ်။ ဒီကမ္ဘာကနေ ယွီမျိုးနွယ်စုကို မဖယ်ရှားရမချင်း ကျုပ်မရပ်တန့်ဘူး ”
“ အသက်ရှင်ရက် လွတ်မြောက်နိုင်မယ်လို့ မင်းထင်နေတာလား ”
ယွီကျုံး၏ကိုယ်မှ အံ့မခန်းများပြားသော အဖျက်အဆီးချီများ ထွက်ပေါ်လာပြီး အဖြူရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ လေထဲသို့ လွင့်မျောသွားသည်။ ယခုအချိန်မှာ ယွီကျုံးသည် တောင်တစ်ခုအသွင်ရှိသော တစ်စုံတစ်ခုထက်မှာ မတ်တတ်ရပ်နေ၏။
လင်းဖန်သည် အဖျက်အဆီးချီများကို အာရုံခံစားမိသောအခါ သူသည်လည်း အဖျက်အဆီးချီများအပြင် အတိုက်အခိုက်စွမ်းအင်တစ်ချို့ကို သူ့ပတ်လည်တွင် စတင်လည်ပတ်လိုက်သည်။
လင်းဖန်သည် တိုက်ပွဲအပေါ်မှာသာ အာရုံစူးစိုက်ထား၏။ အနည်းငယ်ကြောက်ရွံ့နေခဲ့သော်လည်း ကြီးမားသော အဟန့်အတားဖြစ်အောင်ထိ သူ့မှာ မရှိချေ။ ထိုသို့မဟုတ်လျှင် ကြောက်ရွံ့ခြင်းက သူ့ကို အဓိပ္ပာယ်မရှိဖြစ်သွားစေလိမ့်မည်။ လင်းဖန်ဆိုတာ ယွီတျန်ရှင်းလို မဟုတ်ချေ။
လင်းဖန်က သူ့ကိုကာကွယ်ရန် အခြားသူများအပေါ်မှာ မှီခိုရတာကို မကြိုက်ပေ။ သူ့ကိုယ်သူသာ ကာကွယ်ချင်၏။ အခြားသူများကို ကာကွယ်နိုင်ရန်အတွက်ဆိုလျှင်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သည့်အစွမ်းလည်း ပထမဦးစွာ ရှိရန်လိုအပ်သည်။
လူအုပ်ကြီးမှာ လင်းဖန်၏ခိုင်မာပြတ်သားသောစိတ်ဓာတ်ကို မြင်တွေ့နေရသည်။ သူ့တွင် အသက်ပင်သေပါစေ အရှုံးမပေးသောစိတ်ဓာတ်များ ရှိနေ၏။
ယွီတျန်ရှင်း၏ဝင်ကြွားမှုနှင့် မာနကြီးခြင်းတို့က အပေါ်ယံမျှသာဖြစ်ပြီး လင်းဖန်၏ရဲရင့်မှုက အရိုးသို့တိုင် စွဲထင်နေသည်။
“ အသုံးမဝင်ဘူး ”
ယွီကျုံးက ရေခဲတမျှ အေးစက်စက်ပြုံးလိုက်ရင်း မြေပြင်ကို ခြေဆောင့်လိုက်ပြီး အံ့မခန်းအမြန်နှုန်းဖြင့် လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏သန့်စင်သောချီများသည် လှပသော ရေစီးကြောင်းတစ်ခုအဖြစ်သို့ အသွင်ပြောင်းသွားပြီး လင်းဖန်ထံသို့ ရွေ့လျားသွား၏။
“ ထိုးဖောက်လိုက်စမ်း ”
လင်းဖန်က ဒေါသတကြီး အော်ပြောလိုက်သည်။ သူ၏ဓားက လေထုကို ထိုးဖောက်၍ ထွက်ပေါ်လာ၏။ ယွီကျုံးမှာ အလွန်လျင်မြန်လှသည့်အတွက် လင်းဖန်က ချက်ချင်းပင် စွမ်းအင်များကို သူ့ဓားမှာ စုစည်းလိုက်သည်။
“ ဘုန်း ”
လေထုတစ်ခုလုံး တုန်ခါသွားပြီး ပြင်းထန်သော စွမ်းအင်တစ်ခုက လင်းဖန်၏ခန္ဓာကိုယ်ကို လာရောက်ရိုက်ခတ်လာ၏။ သူ့ဓားစွမ်းအင်တစ်ခုလုံးက ထိုပြင်းထန်သော စွမ်းအား၏အောက်တွင် ကျရောက်သွားသည့်ပုံပေါ်သည်။
လင်းဖန်၏ခန္ဓာကိုယ်မှ နောက်သို့ လွင့်စဉ်သွား၏။ မည်မျှပင် အစွမ်းက အရေးမကြီးပါစေ..လင်းဖန်က ရွှမ်ချီအဆင့်လေးရှိသော ကျင့်ကြံသူတစ်ယောက်ကို မတိုက်ခိုက်နိုင်ပေ။ ရွှမ်ချီအဆင့်သုံးဆင့် ကွာခြားချက်က လွန်စွာ ကြီးမား၏။
တဝီဝီမြည်သံများ လေထဲတွင် ပျံ့နှံ့လာပြီး လင်းဖန်၏ခေါင်းအထက်တွင် ကြီးမားသော ခရမ်းရောင်ရေကန်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းရေကန်က လင်းဖန်၏ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ပြီး လေထဲသို့ ဆွဲခေါ်သွား၏။ လျှပ်တပြက်အတွင်းမှာ လင်းဖန်၏လက်ထဲမှ ခရမ်းရောင်မြွေများစွာ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပြည့်သွားသည်။

PMG အတွဲ ( ၂ )Where stories live. Discover now