Zawgyi
ပြောင်းလဲခြင်းဖြစ်စဉ်
“ ဒီလောက်အစွမ်းထက်တဲ့ တောရိုင်းကောင်တွေပြည့်နေတဲ့ နေရာမှာ ဘာမှမဖြစ်ပဲ နေနိုင်တာ အံ့သြစရာ မရှိဘူး ”
“ အတောင်ပံကျားက သူ့ကို ကြောက်ရွံ့နေတာ ဒါကြောင့်ကိုး ”
လင်းဖန်သည် ထိုလူပြောစကားများကို ပြန်လည်သုံးသပ်ပြီးသောအခါ ချက်ချင်းနားလည်သွား၏။ အကယ်၍ သူသာ ဤနေရာမှာ နှစ်တစ်ထောင်မဟုတ်ဘဲ နှစ်အနည်းငယ်သာနေခဲ့လျှင်ပင် အလွန်တရာ အထီးကျန်နေလိမ့်မည်။
တောရိုင်းကောင်များသည် လူများထက် များစွာအသက်ရှည်ကြ၏။ အထူးသဖြင့် သက်လတ်ပိုင်းအရွယ်လူကဲ့သို့ အစွမ်းထက်သော တောရိုင်းကောင်များဆိုလျှင် ပို၍ပင် အသက်ရှည်စွာ နေနိုင်လိမ့်မည်။ သူက လူသားတစ်ယောက်အဖြစ်သို့ ပြောင်းလဲနိုင်သည့်အဆင့်ကို ရောက်ရှိပြီးနောက် အထီးကျန်ဆန်ခြင်းကို မည်ကဲ့သို့ မခံစားရဘဲ ရှိမည်နည်း။
ဤကျောက်ကုလားထိုင်များ၊ စားပွဲများနှင့် စစ်တုရင်ခုံတို့က လူသားအဖြစ်ကို သူတပ်မက်ကြောင်း ဖော်ပြနေသည့်လက္ခဏာရပ်များ ဖြစ်၏။ သူသည် သာမန်လူတစ်ယောက်ဘဝကို ရရှိချင်နေပြီး လူသားကမ္ဘာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ချင်နေသည်။
သက်လတ်ပိုင်းအရွယ်လူသည် သာမန်အတိုင်းပြန်ဖြစ်သွား၏။ အဆောက်အဦသည်လည်း ဘာမှမဖြစ်ပွားခဲ့သည့်အလား ငြိမ်သက်သွားသည်။ ထို့နောက် သက်လတ်ပိုင်းအရွယ်လူက လင်းဖန်ကို အေးစက်စက်ပြုံးလိုက်ပြီး ကြည့်နေရာ ထိုအပြုံးကြောင့် လင်းဖန်မှာ စိတ်မသက်မသာခံစားလိုက်ရ၏။
တျန်အဆင့်တောရိုင်းကောင်များသာ လူတစ်ယောက်အသွင်ပြောင်းနိုင်ပြီး လူစကားပြောနိုင်သည်ဟု ပြောကြသည်။
ထိုသို့ဆိုလျှင် လင်းဖန်၏ရှေ့မှာ ရှိနေသော တောရိုင်းကောင်သည် အနိမ့်ဆုံး တျန်အဆင့် တောရိုင်းကောင်ဖြစ်လိမ့်မည်။ အကယ်၍ သူသာ လူတွေကြားထဲ ရောက်သွားလျှင် ရွှီယွဲ့ကဲ့သို့ အစွမ်းနိမ့်သော နိုင်ငံငယ်လေးမှာ ပရမ်းပတာ ဖြစ်သွားနိုင်သည်။
တျန်ချီအဆင့်ကျင့်ကြံသူတစ်ယောက်သာ သူ့ကို တိုက်ခိုက်နိုင်လိမ့်မည်။
လင်းဖန်သည် သက်လတ်ပိုင်းအရွယ်လူက မကြာခင်မှာ အပြင်ကို ထွက်မယ်ဟု ဘာကြောင့် ပြောခဲ့လဲဆိုတာ နားမလည်နိုင်အောင် ဖြစ်နေသည်။ သူက အပြင်ကို အချိန်မရွေးသွားခွင့်မရှိဘူးလား။
လင်းဖန်သည် တည်ငြိမ်စွာ ထိုင်လိုက်ပြီး မေးမြန်းလိုက်၏။
“ ဦးလေး….ခင်ဗျားက လူတစ်ယောက်ပုံစံကို ပြောင်းထားနိုင်နေတာပဲ။ ဘာလို့ လူတွေဆီသွားဖို့ စောင့်ဆိုင်းနေရတာလဲ။ ဒီနေရာမှာ ဘာလို့ နေရတာလဲ ”
လင်းဖန်သည် ဤနေရာတွင် နေရန် အချိန်မရှိပေ။ သူထွက်ခွာရန် လိုအပ်နေ၏။
လင်းဖန်သည် တောရိုင်းကောင်ကမ္ဘာကို ဝေဖန်ခြင်းမရှိချေ။ သူတို့မှာလည်း သူတို့၏နည်းဥပဒေသတွေရှိသည်။ ထို့ပြင် လူသားများနှင့်တောရိုင်းကောင်များကို ကွဲပြားသည်ဟု လင်းဖန်မတွေးချေ။ လူသားများထဲမှာလည်း တောရိုင်းကောင်များကဲ့သို့ ရက်စက်ပြီး သွေးဆာနေသော လူများရှိနေသည်မဟုတ်လော။
“ ဘာလို့တုန်းဆိုတော့ ငါက တောရိုင်းကောင်အဆင့်ပဲရှိသေးတယ်။ တကယ်လို့ လူတွေသာ ငါ့ကို တောရိုင်းကောင်မှန်း သိသွားကြရင် ငါ့ကို သတ်ဖို့ကြိုးစားကြလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် ငါ့ကို သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ် အသုံးပြုကြလိမ့်မယ်။ ”
ထိုလူက ပြောလိုက်ရာ လင်းဖန်အံ့အားသင့်သွား၏။ ဟုတ်သည် တျန်အဆင့်တောရိုင်းကောင်တစ်ကောင်သာ အပြင်ဘက်မှာ ပေါ်ထွက်လာခဲ့လျှင် သူ့ကိုဖမ်းနိုင်သည့် ကျင့်ကြံသူများလည်း ရှိသည်မဟုတ်လော။ ကျင့်ကြံသူများ၏ ကမ္ဘာသည် ကြီးမားပြီး များစွာသော အစွမ်းထက်ပညာရှင်များဖြင့် ပြည့်နေသည်။
“ ဒါပေမယ့် ခင်ဗျားက မကြာခင်ထွက်သွားတော့မယ်လို့ ပြောခဲ့တယ်မလား။ ဘာလို့လဲ ”
လင်းဖန်က နားမလည်နိုင်စွာ မေးမြန်းလိုက်၏။
လင်းဖန်၏စကားကို ကြားသောအခါ ထိုလူ ပြုံးလိုက်သည်။ သူ၏အပြုံးက သားရဲဆန်နေ၏။ ထို့နောက် သူသည် မြေပြင်ရှိ အတောင်ပံကျားကို ကြည့်လိုက်၏။ တောရိုင်းကောင်သည် သူ့ကို တစ်ချက်သာကြည့်လိုက်ပြီး ကြောက်ရွံ့နေသည့်ပုံပေါ်ကာ မလှုပ်မယှက်ဖြင့် ငြိမ်သက်သွားသည်။ ဤသက်လတ်ပိုင်းအရွယ်လူက မည်မျှအစွမ်းထက်လဲဆိုတာ အတောင်ပံ ကျားသိနေသည်။
“ မင်းတကယ် သိချင်တာလား ”
သက်လတ်ပိုင်းအရွယ်လူက လင်းဖန်ကို ပြန်လည်ကြည့်လိုက်ပြီး ပြောလိုက်၏။ သူ၏အပြုံးက ပို၍ သားရဲဆန်လာသည်။
လင်းဖန်သည် သက်လတ်ပိုင်းအရွယ်လူ၏ပြောစကားကို နားမလည်သော်လည်း ခေါင်းကို အနည်းငယ်ညိတ်ပြလိုက်၏။
“ ဟဲ ဟဲ….မင်းကို ပြောပြလိုက်လို့လည်း အန္တရာယ်မရှိဘူး။ ငါက တောရိုင်းကောင်အဖြစ် ရှိနေခဲ့တာ အချိန်အတော်ကြာနေပြီ။ အခုတော့ လူတစ်ယောက်ပုံစံ ဖြစ်လာပြီ ”
သက်လတ်ပိုင်းအရွယ်လူက တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။ ထို့နောက် အက်ကွဲနေသော လေသံဖြင့်
“ နောက်ဆုံးတော့ ငါ့ရဲ့သားရဲခန္ဓာကိုယ်ကို စွန့်လွှတ်ပြီးတော့ အစစ်အမှန်လူသားတစ်ယောက်အဖြစ်ကို ရတော့မယ် ”
“ အမ် ”
လင်းဖန်မျက်မှောင်ကြုတ်သွား၏။ သူက အစစ်အမှန်လူသားတစ်ယောက် ဖြစ်လာမှာလား။ တောရိုင်းကောင်တွေက စစ်မှန်သော လူသားများအဖြစ်ကို ရနိုင်တာလား။
“ ဧည့်သည်တော်လေးက နားမလည်သေးဘူးကိုး။ လူသားတွေက နယ်မြေတစ်ခုလုံးကို အမြဲတမ်းအုပ်ချုပ်ရသလို အရာအားလုံးကို ဖန်ဆင်းနိုင်တယ်။ တောရိုင်းကောင်တွေက အတိုက်အခိုက်မှာ ပိုမိုကောင်းမွန်တဲ့ ခန္ဓာကိုယ်ရှိနေတာတောင် လူသားတွေက သူတို့ရဲ့အသိဉာဏ်ကို အားကိုးပြီး တောရိုင်းကောင်တွေထက် အစွမ်းထက်လာကြတယ်။ လူသားကျင့်ကြံသူတစ်ယောက်ရဲ့အလားအလာက အဆုံးအစမဲ့မရှိဖြစ်နေချိန်မှာ တောရိုင်းကောင်တွေက မွေးကတည်းက သွေးမြေကျခဲ့ရတယ်။ သူတို့ရဲ့ပင်ကိုယ်စွမ်းရည်၊ အရည်အချင်းတွေကလည်း အတူတူပဲ။ သူတို့က မွေးကတည်းက ကံကြမ္မာကိုပဲ အားကိုးနေရတယ် ”
လင်းဖန်သည် သက်လတ်ပိုင်းအရွယ်လူ၏စကားများကို တည်ငြိမ်စွာ နားထောင်နေသည်။ ဤအကြောင်းများကို ယခုမှသူကြားဖူးခြင်းဖြစ်သည်။ ယခင်က ဤအကြောင်းများနှင့် ပတ်သက်ပြီး မစဉ်းစားခဲ့ချေ။ အမှန်တကယ်တော့ အရာအားလုံးက သက်လတ်ပိုင်းအရွယ်လူ ပြောသည့်အတိုင်း ဖြစ်နေသည်။ လူသားများသည် အလွန်မြင့်မားသော အဆင့်များသို့ ရောက်အောင် ကျင့်ကြံနိုင်ကြ၏။ တောရိုင်းကောင်များက အံ့မခန်းကြောက်မက်ဖွယ်ကောင်းသော အစွမ်းများရှိနေသော်လည်း တိမ်တိုက်ကိုးခုဒေသမှာ အလွန်တရာ အစွမ်းထက်သော ကျင့်ကြံသူများဖြင့် ပြည့်နေသည်။ သို့ဖြစ်ရာ တောရိုင်းကောင်တစ်ကောင်က မည်မျှအစွမ်းထက်နေပါစေ ၎င်းတို့ကို အနိုင်ယူနိုင်သော ကျင့်ကြံသူများရှိနေ၏။ သို့ဖြစ်ရာ လူသားများက တိမ်တိုက်ကိုးခုဒေသကို လွှမ်းမိုးထားနိုင်ခြင်းလည်း ဖြစ်သည်။
တောရိုင်းကောင်များသည် မွေးကတည်းက သွေးမြေကျခဲ့ရပြီး သူတို့၏သွေးမျိုးဆက်အပေါ်သာ မှီခိုနေခဲ့ရသည်။ လူသားများသည် အဆုံးအစမဲ့အလားအလားများဖြင့် ပြည့်နေပြီး သူတို့ကြိုးစားလျှင် အမြင့်ဆုံးထိရောက်နိုင်၏။
“ ဒါပေမယ့် အခွင့်အရေးကတော့ အမြဲတမ်းရှိနေတယ်။ တောရိုင်းကောင်တွေက တျန်အဆင့်ကို ရောက်တဲ့အခါ လူသားအဖြစ်ကို လုံးဝပြောင်းလဲသွားမလား၊ ဒါမှမဟုတ် လူသားတစ်ဝက် တောရိုင်းကောင်တစ်ဝက်အဖြစ်နေမလားဆိုတဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချရတယ် ”
“ လူသားအဖြစ်ပြောင်းလဲခြင်းမှာ နှစ်မျိုးရှိတယ်။ တစ်ခုက တောရိုင်းကောင်ခန္ဓာကိုယ်ကနေ လူသားအဖြစ်ကို ယာယီပြောင်းတာပဲ။ ခဏလေးပဲ ပြောင်းလဲလို့ရပေမယ့် သူ့ရဲ့ချီတွေကလည်း သားရဲဆန်နေတုန်းပဲ။ ဒုတိယတစ်ခုက တောရိုင်းကောင်ခန္ဓာကိုယ်ကို လုံးဝစွန့်လွှတ်ပြီး လူသားအဖြစ်ပြောင်းလဲတာ။ အဲ့ဒီအချိန်မှာ တောရိုင်းကောင်ရဲ့အသိဉာဏ်မျိုးမရှိတော့ဘူး။ လူသားတစ်ယောက်ရဲ့အသိဉာဏ်ဖြစ်သွားမယ်။ တောရိုင်းကောင်တုန်းဖြစ်တုန်းကလို စွမ်းအင်မျိုးတွေမရတော့ဘူး ”
လင်းဖန်တအံ့တသြဖြစ်သွား၏။ တစ်ခုက တောရိုင်းကောင်အဖြစ်နေခြင်းနှင့် လူသားအဖြစ်နေခြင်း။
တောရိုင်းကောင်များမှ လူသားဖြစ်နိုင်သည်ဟုသော စကားကို ကြားဖူးသည်မှာ ဤတစ်ကြိမ်က ပထမဆုံးအကြိမ်ဖြစ်၏။
“ အဲ့ဒါဆိုရင် မင်းရဲ့လူသားအဖြစ်ပြောင်းလဲခြင်းဖြစ်စဉ်က စတင်နေပြီလား ”
လင်းဖန်က မေးလိုက်ရာ သက်လတ်ပိုင်းအရွယ်လူက ခေါင်းညိတ်ပြလိုက်၏။
“ တျန်အဆင့်ကို ရောက်တာက လူသားတွေရဲ့ခွင့်ပြုချက်မရှိဘဲ လူသားကမ္ဘာကို တိုးဝင်တာနဲ့တူမနေဘူးလား ”
လင်းဖန်က ရှင်းပြချက်တစ်ခုကို တွေ့ရှိရန် ကြိုးစား၍ မေးလိုက်သည်။
တျန်အဆင့်တောရိုင်းကောင်သည် အံ့သြသွားပြီး လင်းဖန်ကို စူးစိုက်ကြည့်လျက် ကြောက်စရာကောင်းသည့်အပြုံးဖြင့် ပြုံးလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
“ မင်းက တကယ်ပါးနပ်ပါတယ်။ ဒါပေမယ့် ဒီအကြောင်းတွေကို မင်းသိသွားမယ်ဆိုရင်တောင် မင်းဘာလုပ်နိုင်မှာလဲ။ ပထမရွေးချယ်မှုက လွယ်တယ်။ ဘယ်လိုတောရိုင်းကောင်နေနေ လုပ်နိုင်တယ်။ ဒါပေမယ့် ဒုတိယအကြောင်းပြချက်က ခက်ခဲတယ်။ ပြောင်းလဲခြင်းဖြစ်စဉ်အတွင်းမှာ တောရိုင်းကောင်ရဲ့ သဘာဝစွမ်းအင်တွေကို ဖယ်ရှားခြင်းခံရတယ်။ တစ်နည်းပြောရရင် ငါ့မှာ တျန်အဆင့်စွမ်းအားမရှိတော့ဘူး။ ပြီးတော့ ပြောင်းလဲခြင်းဖြစ်စဉ်က အောင်မြင်မယ်လို့လည်း အာမ,မခံနိုင်ဘူး။ တကယ်လို့ ကျရှုံးသွားခဲ့ရင် ငါ့အဆင့်လျော့သွားလိမ့်မယ်။ ကံမကောင်းရင် အသက်တောင်သေနိုင်တယ် ”
“ ထင်ထားတဲ့အတိုင်းပါလား ”
လင်းဖန်တီးတိုးရေရွတ်လိုက်၏။ ထိုလူက ဒုတိယအမျိုးအစားကို ရွေးချယ်ခဲ့သည်။ ပြောင်းလဲခြင်းဖြစ်စဉ်အတွင်းမှာ သူ၏အစွမ်းများ ယုတ်လျော့နေ၏။ ထိုအချိန်အတွင်းမှာ သူ၏အဆင့်ကို တိုးရန် သူမလုပ်နိုင်ပေ။ ထို့ပြင် မအောင်မြင်ခဲ့လျှင် သူ၏မူလအစွမ်းများကို ပြန်လည်မရရှိနိုင်တော့ချေ။ ဤကဲ့သို့ပြုလုပ်ခြင်းက မည်မျှအန္တရာယ်များလဲဆိုတာကို တောင်ရိုင်းကောင်များသာ နားလည်သည်။
“ အဲ့ဒီလိုဆိုရင် အောင်မြင်တဲ့အခွင့်အရေးများလာအောင် ခင်ဗျား ဘယ်လိုလုပ်လဲ ”
လင်းဖန်သည် အတွေးတွေထဲမှာ မျောနေရာမှ မေးမြန်းလိုက်၏။
“ လူသားတွေနဲ့ ဆက်ဆံတယ်လေ ”
သက်လတ်ပိုင်းအရွယ်လူက ပြန်လည်ဖြေကြားလိုက်ရာ လင်းဖန်အံ့အားသင့်သွားသည်။
“… အဲ့ဒါကြောင့် ကျုပ်ကို ခင်ဗျားနဲ့အတူ နေစေချင်တာလား ”
“ ဟုတ်တယ်။ ပြောင်းလဲတဲ့ဖြစ်စဉ်အတွင်းမှာ ငါနဲ့အတူ မင်းနေရမယ်။ ငါတို့စကားတွေပြောကြမယ်။ အဲ့ဒီလိုဆိုရင် အခြေအနေကောင်းတယ် ”
ထိုလူက ပြောလိုက်သည်။ သူ၏လေသံက အက်ကွဲခြင်းမရှိတော့ဘဲ ခိုင်မာပြတ်သားစွာလုပ်မည့်အသွင်ပေါ်နေသည်။
လင်းဖန်သည် တိတ်ဆိတ်ငြိမ်သက်နေ၏။ တျန်အဆင့်တောရိုင်းကောင်သည် သူ့ကို လျှို့ဝှက်ချက်များစွာ ပြောပြခဲ့ပြီဖြစ်သည့်အတွက် ထွက်သွားခွင့်ပြုမည်မဟုတ်ပေ။ သူသာထွက်သွားလျှင် ၎င်းကိုသတ်ရန် တခြားလူများကို ပြောပြနိုင်သည်။
လင်းဖန်က ထိုလူကို အောက်ကျို့မနေပေ။ ထိုလူကိုကြည့်ရသည်မှာ တည်ငြိမ်နေသော်လည်း သွေးဆာနေသည့်အရိပ်အယောင်များ ထွက်ပေါ်နေ၏။ အကယ်၍ လင်းဖန်သာ သူ့ကို မတော်တဆ ဒေါသထွက်အောင် ပြုလုပ်ခဲ့လျှင် ရလဒ်က ဆိုးရွားသွားလိမ့်မည်။
ယခုအချိန်မှာ လင်းဖန်သိချင်တာ တစ်ခုရှိ၏။ တျန်အဆင့်တောရိုင်းကောင်များက ၎င်းတို့၏ပြောင်းလဲခြင်းဖြစ်စဉ် ပြီးဆုံးသွားသည့်အခါ မည်သည့်အစွမ်းရှိနေလဲ။ ၎င်းတို့၏အတိုက်အခိုက်စွမ်းအင်များက အရင်ကထက် များစွာတိုးတက်လာမှာလား။
“ ရှေးဟောင်းတောရိုင်းကောင်တွေက အံ့မခန်းအစွမ်းထက်ကြတယ်။ သူက အတောင်ပံကျားကို ကြောင်ပေါက်စလေးတစ်ကောင်လိုဖြစ်သွားအောင် လုပ်ထားတယ်။ ပြီးတော့ င့ါကိုလည်း လျှို့ဝှက်ချက်တွေအကုန်လုံး ပြောပြထားတယ်။ သူ့အဆင့်လျော့ကျသွားတယ်ဆိုရင်တောင် အံ့မခန်းအစွမ်းထက်နေတဲ့ပုံပဲ။ ဒီလိုမှမဟုတ်ရင် ငါ့ကို ဘာမှပြောပြမှာ မဟုတ်ဘူး။ ငါဂရုမစိုက်ပဲ လုပ်လို့မရ ဘူး ”
လင်းဖန်သည် သူ့ကိုယ်သူ သတိပေးကာ တွေးလိုက်၏။
“ ငါ့ကိုမေးစရာ ရှိနေသေးလား။ ငါမင်းကို ဝမ်းမြောက်ဝမ်းသာနဲ့ ပြောပြပေးမှာပါ ”
သက်လတ်ပိုင်းအရွယ်လူက အက်ကွဲသောလေသံဖြင့် ကြောက်မက်ဖွယ်ကောင်းစွာ ပြုံး၍ ပြောလိုက်သည်။ သူ၏မျက်လုံးများက နောက်တစ်ကြိမ် နီရဲလာ၏။
“ ဟင့်အင်း…မရှိပါဘူး ”
လင်းဖန်က သူ၏ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ ထိုလူက သူမမေးလည်း ပြောပြလိမ့်မည်ဖြစ်ကြောင်း သူခံစားမိနေ၏။
“ သေချာလား ”
လင်းဖန်၏မျက်လုံးများကို မြင်သောအခါ သက်လတ်ပိုင်းအရွယ်လူသည် ကြောက်မက်ဖွယ်ကောင်းစွာဖြင့် ဆက်လက်ပြောလိုက်လေ၏။
“ ပြောင်းလဲခြင်းဖြစ်စဉ်ပြီးသွားတဲ့အခါ မင်းကို သတ်၊မသတ် မသိချင်ဘူးလား ”
လင်းဖန်အံ့သြမှင်တက်သွားသည်။ မည်မျှဉာဏ်ကောင်းလိုက်သည့် တောရိုင်းကောင်နည်း။ ထိုမေးခွန်းကို လင်းဖန်မေးချင်နေခဲ့သော်လည်း အဖြေကို သူခန့်မှန်းမိပြီးသားဖြစ်နေသောကြောင့် မလိုအပ်ခဲ့ပေ။
“ အခုငါပြောပြမယ်။ ငါမင်းကို သတ်မှာ။ ငါလူဖြစ်လာတဲ့အခါ ငါက တောရိုင်းကောင်ဖြစ်တယ်လို့ သိထားတဲ့ တောရိုင်းကောင်တွေနဲ့ လူတွေအားလုံး သေစေရမယ်။ စစ်မှန်တဲ့လူတစ်ယောက် ငါဖြစ်ချင်တယ် ”
တျန်အဆင့်တောရိုင်းကောင်သည် မျက်လုံးများကို မှိတ်လိုက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်ကာ ပြောလိုက်၏။ ၎င်း၏အက်ကွဲသောအသံက ပဲ့တင်ထပ်နေဆဲ။ သူက လူအဖြစ်သို့ ရောက်သွားသည့်အခါ သူ့အား အစက တောရိုင်းကောင်ဟု သိခဲ့ကြသူများအား သတ်ပစ်လိမ့်ပေမည်။