လင်းဖန်၏ကိုယ်ပိုင်တပ်ဖွဲ့
“ မင်းလုပ်ရဲရင် လုပ်ကြည့်စမ်း!”
သွမ့်တျန်းလန်က ဒေါသတကြီးအော်ပြောလိုက်လေသည်။ ထို့နောက် သူက ရှေ့သို့ လျှောက်သွားပြီး အဖျက်အဆီးချီများကို ထုတ်ဖော်လိုက်၏။ လင်းဖန်က အံ့အားသင့်စရာကောင်းအောင် သူ့သားသွမ့်ဟန်ကို သတ်ဖြတ်ချင်နေလေရာ သူဘယ်လိုလုပ် လက်ခံနိုင်ပါမည်နည်း။
“ ရပ်လိုက်စမ်း!”
မိန်ချင်းက ဒေါသထွက်စွာဖြင့် အော်ပြောလိုက်လေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ရေခဲချီများ ရိုက်ခတ်လာ၏။ မိန်ချင်းက ရှေ့သို့ လှမ်းလိုက်ရာ ချက်ချင်းပင် သွမ့်တျန်းလန်ရှေ့သို့ ရောက်သွားလေသည်။
သွမ့်တျန်းလန်သည်လည်း ရွှမ်ချီအဆင့်စွမ်းအား ရှိ၏။ လင်းဖန်က သွမ့်ဟန်ကို သတ်ဖြတ်ခဲ့လျှင် သွမ့်တျန်းလန်ကို ခုခံနိုင်တော့မည် မဟုတ်ပေ။ သို့ဖြစ်ရာ မိန်ချင်းက ပါဝင်စွက်ဖက်လာတော့သည်။ လင်းဖန်ပြောနေရန်ပင် မလိုအပ်ခဲ့ချေ။
“ ဖျစ်…”
ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရေခဲများ ထွက်ပေါ်လာသည်။ သွမ့်တျန်းလန် အံ့အားသင့်သွား၏။ သူ့မျက်နှာက ကြောက်စရာကောင်းလောက်အောင် အရုပ်ဆိုသွားသည်။ သူ့ကိုယ်မှ အံ့မခန်းဓားစွမ်းအင်များ ထွက်ပေါ်လာ၏။
သွမ့်တျန်းလန်က သွေးဝိညာဉ်ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူ့သွေးထဲမှာ အစွမ်းက နိုးထနေခဲ့ပြီဖြစ်သည်။ သို့သော် ထိုအစွမ်းက နိမ့်ကျလွန်းသည်ဖြစ်ရာ ဓားဝိညာဉ်ကို အသုံးပြုနေ၏။ သွမ့်တျန်းလန်မှာ ဓားဝိညာဉ်လည်း ရှိပေသည်။
အမြွှာဝိညာဉ်…..
ဓားရှည်တစ်ချောင်းက သူ့နောက်မှာ ထွက်ပေါ်လာပြီး ထိပ်ဖျားက ကောင်းကင်ကို ညွှန်ပြနေလေသည်။ သူ၏ဓားဝိညာဉ်နှင့် သူ့လက်ထဲမှ ဓားတို့က တသားတည်းဖြစ်နေပုံပေါ်သည်။ နှစ်ခုလုံးက ချွန်ထက်စူးရှနေပေ၏။
ထိုစဉ် လင်းဖန်က သွမ့်ဟန်ရှိရာသို့ တဖြည်းဖြည်း လျှောက်သွားလေသည်။ လင်းဖန်၏ခြေလှမ်းတိုင်းက သွမ့်ဟန်၏နှလုံးခုန်နှုန်းကို မြန်ဆန်သွားစေသည်။ သွမ့်ဟန်ကား တရစပ်နောက်ဆုတ်နေလေ၏။
“ အရင်တုန်းက မင်းဟာ ရဲရင့်တယ်။ သတ္တိရှိပါတယ်။ ဒီနေ့မှာတော့ ခွေးတစ်ကောင်လို အမြီးကုပ်ပြီး ထွက်ပြေးနေတယ်။ မတိုက်ရဲဘူးလား ”
လင်းဖန်က ရယ်မောလျက် ပြောဆိုလိုက်လေသည်။ သွမ့်ဟန်ကို အလျင်အမြန်သူမသတ်ပေ။ မိန်ချင်းက သူမ၏အစွမ်းနှင့် သွမ့်တျန်းလန်ကို ဟန့်တားထားနိုင်လိမ့်မည်ဟူ၍ သူယုံကြည်သည်။ သူဘာမှမလုပ်နိုင်ဘဲ သူ့သား သေသွားတာကိုသာ သွမ့်တျန်းလန်အား လင်းဖန်မြင်စေချင်နေ၏။
ယခင်တုန်းက သွမ့်တျန်းလန်သည် သူ့အား အင်အားသုံး၍ ခြိမ်းခြောက်ခြင်းတို့ကို ပြုလုပ်ခဲ့လေရာ ထိုသဘောတရားကို ပြန်လည်နားလည်သွားစေရန် လင်းဖန်ပြုလုပ်ချင်ခဲ့သည်။ သို့သော် ယခုအခါ လင်းဖန်က သူ့ရှေ့မှောက်မှာ သူ၏သားကို သတ်ပေတော့မည်။ လက်တစ်ချောင်းပင် မ,မနိုင်ဘဲ သူ့သားသေတာကိုသာ သူကြည့်ရတော့မည်။ လင်းဖန်က သူဘယ်လောက်ရက်စက်လဲဆိုတာ သွမ့်တျန်းလန်ကို ပြသတော့မည်ဖြစ်ပေသည်။
လင်းဖန်က သွမ့်ဟန်ရှိရာသို့ တဖြည်းဖြည်းလျှောက်သွားနေတာကို လူများမြင်သောအခါ သူတို့၏နှလုံးခုန်နှုန်းများ မြန်ဆန်လာရသည်။
သွမ့်ဝူရသည် သွမ့်မျိုးဆက်မှ သွမ့်ဟန်ကို လင်းဖန်က သတ်ချင်နေခြင်းအား တွေ့မြင်သော်လည်း အံ့အားသင့်စရာကောင်းလောက်အောင် မဟန့်တားခြင်းက ထိုအခြင်းအရာကို သဘောတူတယ်ဆိုတာ ပြသနေပေသည်။
“ သေစမ်းကွာ!”
လင်းဖန်က ပိုမိုနီးကပ်လာ၏။ သွမ့်တျန်းလန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ဓားကို ဝှေ့ယမ်းလိုက်လေသည်။ အဆုံးအစမဲ့ ဓားချီများ ထွက်ပေါ်လာပြီး ရေခဲတွေကို ဖြတ်ကျော်နေ၏။ ဓားစွမ်းအင်နှင့် ရေခဲစွမ်းအင်တို့ ထိပ်တိုက်တွေ့ဆုံရာမှ ထွက်ပေါ်လာသောအသံများက လေထုထဲမှာ မြည်ဟည်းနေတော့သည်။
“ ရေခဲသရဖူ…”
မိန်ချင်းက တီးတိုးရေရွတ်လိုက်လေသည်။ သူမက လက်ကို ဝှေ့ယမ်းလိုက်ရာ ရေခဲတုံးလေးတစ်ခုထွက်ပေါ်လာပြီး သွမ့်တျန်းလန်၏ဓားတစ်လက်လုံးကို အေးခဲသွားစေခဲ့သည်။
သွမ့်ဟန်နှင့် အလွန်နီးကပ်သည့်အနေအထားသို့ လင်းဖန်ရောက်လာခဲ့ပြီ ဖြစ်၏။ ပြင်းထန်သော အဖျက်အဆီးချီများက သွမ့်ဟန်၏တကိုယ်လုံးကို လုံးဝလွှမ်းခြုံထားသည်။ ထိုအဖျက်အဆီးစွမ်းအင်အောက်တွင် သွမ့်ဟန်မှာ ခုခံရန် သတ္တိပင် မရှိချေ။ သေမင်းနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသည့် လင်းဖန်၏အရှိန်အဝါတွေက သူ့ကို ကြောက်ရွံ့တုန်လှုပ်စေသည်။
“ မင်းအခုကြောက်နေပြီလား? တောင်နံရံထိပ်မှာ မင်းကြည့်နေခဲ့တဲ့အချိန်က ယွမ်ဟိုင်ကျောင်းသားတွေ ရက်ရက်စက်စက်အသတ်ခံရတာကို ကြည့်ပြီး မင်းကျေနပ်အားရနေခဲ့တယ်မလား? တပ်သားတစ်သိန်းကျော် အသတ်ခံလိုက်ရတုန်းက အကြံအစည်အောင်မြင်သွားတဲ့အတွက် မင်းနဲ့မင်းအဖေက ဝမ်းမြောက်ဝမ်းသာ ဖြစ်မနေခဲ့ဘူးလား ?”
လင်းဖန်၏အသံက ရက်စက်ကြမ်းကြုတ်နေပြီး ထိုအသံ၏အေးစက်မှုက သွမ့်ဟန်၏နှလုံးသားသို့တိုင် ရိုက်ခတ်နေလေသည်။
“ ယား…..!”
သွမ့်တျန်းလန်က တိရစ္ဆာန်တစ်ကောင်ပမာ အော်ဟစ်လိုက်ပြီး သူ့ဓားကို စွန့်ပစ်ကာ သွမ့်ဟန်ထံသို့ခုန်ဝန်သွားလေသည်။
“ နှလုံသားသို့တိုင် အေးခဲစေ…”
မိန်ချင်းက တီးတိုးရေရွတ်လိုက်၏။ သွမ့်တျန်းလန်၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။ သူ့နှလုံးသားတစ်ခုလုံး အေးခဲသွားတော့မည်ကဲ့သို့ သူခံစားလာရ၏။ သူ့ပါးစပ်မှ သွေးများကျဆင်းလာလေသည်။
သို့ရာတွင် သွမ့်တျန်းလန်က ထိုအခြင်းအရာကို အာရုံမစိုက်ချေ။ သူ့စိတ်ထဲရှိနေသောအရာမှာ သူ့သား မသေရန်သာ ဖြစ်ပေ၏။
“ အော်…ခင်ဗျားလာပြီလား?”
လင်းဖန်၏နှုတ်ခမ်းထောင့်စွန်းတွင် ရေခဲတမျှအေးစက်စက်အပြုံးစလေးတစ်ခု ခိုတွဲလာလေသည်။ ချက်ချင်းပင် သူက နေရာမှ ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်ထဲသို့ ရောက်သွားလေသည်။
“ သေစမ်းကွာ ”
ဟင်းလင်းပြင်ထက်မှ အသံတစ်သံထွက်ပေါ်လာ၏။ ထိုဘာမှမရှိသော နေရာ၏ အလယ်မှ ကြက်ခြေခတ်အမှတ်အသားတစ်ခု ပေါ်ပေါက်လာတာကို လူအုပ်ကြီးတွေ့မြင်လိုက်ရလေသည်။ ထိုကြက်ခြေခတ်အမှတ်အသားမှ မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်များ ထုတ်လွှတ်နေ၏။
“ ဝှစ်….”
ထို့နောက် ကြက်ခြေခတ်အမှတ်အသားက သွေးဆာနေသော ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။ သွမ့်ဟန်၏လည်မျိုမှာ သေးငယ်သော ကြက်ခြေခတ်အမှတ်အသားတစ်ခု ထွက်ပေါ်လာပြီး သွေးများစီးကျနေတော့၏။
သွမ့်တျန်းလန်သည် လှုပ်ရှားနေရာမှ ရပ်တန့်လိုက်၏။ သူ့ပါးစပ်က ပွင့်နေသည်။ ခေါင်းကို အနည်းငယ်မော့ကာ သူ့အား ကြည့်နေသော သူ့သားသွမ့်ဟန်ကို အဓိပ္ပာယ်ငေးစိုက်ကြည့်ရင်း အေးစက်စက်ခံစားချက်များကို သူခံစားနေရသည်။ သွမ့်ဟန်၏လည်မျိုမှ ကြက်ခြေခတ်အမှတ်အသားကို သွမ့်တျန်းလန် မြင်နေရသည်။ ထိုအမှတ်အသားမှ သွေးများအဆက်မပြတ်စီးကျနေလေ၏။
“ သွမ့်ဟန်!”
သွမ့်တျန်းလန်က ဝမ်းနည်းယူကြုံးမရသည့်အသံဖြင့် အော်ခေါ်လိုက်လေသည်။ သူ့ခန္ဓာကိုယ်က ခေါင်းမှခြေဖျားသို့တိုင် တုန်ယင်နေ၏။ သူ၏သားကို ဆွဲယူလိုက်ပြီး တင်းကြပ်စွာ ပွေ့ဖက်ထားလေသည်။ သူ၏သားနှုတ်ခမ်းလေးတွေက လှုပ်ရှားလာခဲ့တာကို သူမြင်လိုက်ရသည်။ သို့သော် သူစကားမပြောနိုင်တော့ပေ။ သူ့လက်မှာ သူ၏သားသေဆုံးသွားခဲ့ပြီဖြစ်လေသည်။
“ အဟွတ်..အဟွတ် ”
သွမ့်တျန်းလန်ထံမှ ချောင်းဆိုးသံများ ထွက်ပေါ်လာပြီး သူ့ပါးစပ်မှ သွေးများထွက်ကျလာ၏။ သူ့ပုံစံက သွေးဆုတ်ဖြူရော်နေလေသည်။ သူ့သားသေလေပြီ။ သူ့သားကို လင်းဖန်က သတ်ခဲ့ပြီး သူ့လက်မှာ သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။ သူ၏သား အနီးသို့ သူရောက်ခါနီးအချိန်မှာပင် လင်းဖန်က သူ့သားကို သတ်ဖြတ်လိုက်သည့်မြင်ကွင်းအား ကြည့်လိုက်ရသည်။
အရိပ်တစ်ခုပမာ မမြင်နိုင်လောက်အောင်ဖြစ်သော…ထိုအရာကား သေမင်းအရိပ်ပင် ဖြစ်ချေသည်။
“ အဲ့ဒါက မနာကျင်ဘူးမလား သွမ့်တျန်းလန်? ယွမ်ဟိုင်ကျောင်းတော်က လူတွေကို ခင်ဗျားရက်ရက်စက်စက်သတ်ခဲ့တုန်းက ဒါမှမဟုတ် တပ်သားတစ်သိန်းကျော်ကို ခင်ဗျားသေအောင် လုပ်ခဲ့တုန်းက သူတို့ရဲ့မိသားစုဝင်တွေ ဘယ်လိုခံစားရမလဲဆိုတာ ခင်ဗျားတွေးကြည့်ခဲ့ဖူးလား ”
သွမ့်တျန်းလန်၏နောက်မှ ရပ်နေသော လင်းဖန်က မြင်ကွင်းကို ကြည့်ကာ ပြောလိုက်လေသည်။
“ လင်းဖန်!”
သွမ့်တျန်းလန်က အဖျက်အဆီးချီများကို ထုတ်ဖော်လိုက်ရင်း ဒေါသတကြီးပြောလိုက်လေသည်။
“ အဲ့ဒီလို အော်နေစရာမလိုပါဘူး။ ခင်ဗျားက ကျွန်တော့်ကို အပိုင်းပိုင်းအစစဖြစ်အောင် လုပ်ချင်နေတာ ကျွန်တော်သိတယ်။ အဲ့ဒီလိုမုန်းတီးခြင်းမျိုးကို ကျွန်တော်ခံစားခဲ့ဖူးတဲ့အတွက် ခင်ဗျားကို ကျွန်တော်နားလည်တယ်။ ဒါပေမယ့် ကျွန်တော့်ရင်ထဲက မုန်းတီးခြင်းတွေဟာ ခင်ဗျားရင်ထဲက မုန်းတီးခြင်းတွေထက် အများကြီးကြောက်ဖို့ကောင်းတယ် ”
လင်းဖန်က တည်ငြိမ်စွာ ပြောလိုက်လေသည်။
ထို့နောက် သူကဆက်လက်၍
“ အခု ခင်ဗျားနဲ့ ကျွန်တော့်ရဲ့ကြားမှာ မုန်းတီးခြင်းပဲ ရှိတော့တယ်။ တကယ်လို့ ခင်ဗျားက ကျွန်တော့်ကို သတ်ဖို့အခွင့်အရေးရှိခဲ့ရင် ကြိုးစားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ တစ်နေ့ ခင်ဗျားကို သတ်ဖို့ကျွန်တော့်မှာ အခွင့်အရေးရှိလာခဲ့ရင် ခင်ဗျားကို သနားငဲ့ညှာမနေဘဲ သတ်ပစ်မှာဖြစ်လို့ပဲ ”
စကားပြောရင်းဖြင့် လင်းဖန်က ချာခနဲလှည့်ကာ လှစ်ခနဲပျောက်ကွယ်သွားပြီး သူ့နေရာသို့ ပြန်လည်ရောက်ရှိသွားလေသည်။ ချက်ချင်းပင် သူက သွမ့်ဝူရကို ပြောလိုက်၏။
“ မင်းသား…အခု ကျွန်တော့်ကို ထွက်သွားခွင့်ပြုပါ ”
သွမ့်ဝူရက ခေါင်းကို အနည်းငယ်ညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
“ လင်းဖန်….အလွမ်းတောအုပ်က ရေကန်မှာ မင်းပြန်လာတာကို စောင့်နေမယ် ”
လင်းဖန်က တစ်စုံတစ်ခုကို သူကြားသာရုံရေရွတ်လိုက်၏။ သို့သော် ချက်ချင်းပင် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
“ ကောင်းပါပြီ ”
ထို့နောက် လင်းဖန်က လက်ကိုဝှေ့ယမ်းပြလိုက်၏။ ကြေးမျက်နှာဖုံးတပ်ထားသောသူများက သူတို့၏မျက်နှာမှာ မျက်နှာဖုံးကို တပ်ဆင်ထားသော်လည်း သူတို့ထံမှ အားရကျေနပ်သည့်အရိပ်အယောင်များ ထွက်ပေါ်နေပြီး သူ့တို့ပုံစံက စိတ်ဓာတ်တက်ကြွသည့်အသွင် ဖြစ်နေလေသည်။
သူတို့ထဲမှ အများစုက ယွမ်ဟိုင်ကျောင်းတော်သားများ ဖြစ်၏။ သွမ့်တျန်းလန်နှင့် သွမ့်ဟန်တို့က ယွမ်ဟိုင်ကျောင်းတော်ကို ဖြိုခွင်းခဲ့သည့်အတွက်ကြောင့် သူတို့မျက်နှာပေါ်မှာ ကျွန်အမှတ်အသားတံဆိပ်နှိပ်ခံခဲ့ရခြင်း ဖြစ်သည်။ သွမ့်တျန်းလန်နှင့် သွမ့်ဟန်တို့က သူတို့၏ကမ္ဘာမကြေရန်သူများ ဖြစ်ပေသည်။
လင်းဖန်က သွမ့်ဟန်ကို သတ်ခဲ့ပြီး ထိုမြင်ကွင်းအား သွမ့်တျန်းလန်ကို ကြည့်စေခဲ့တာ သူတို့မြင်သောအခါ ဘယ်လိုလုပ် ကျေနပ်အားရမှုမဖြစ်ဘဲ နေမည်နည်း။
သူတို့က သွမ့်တျန်းလန်ကို အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက် ချာခနဲလှည့်ကာ လင်းဖန်နောက်သို့ လိုက်ပါလာခဲ့ကြ၏။ များမကြာမီ သူတို့က မြင်းကိုကဆုန်စိုင်းစီးနင်းကာ အဝေးသို့ ထွက်ခွာသွားကြလေသည်။
သွမ့်တျန်းလန်က ဒေါသဖြစ်နေသည့်အရိပ်အယောင်ကို ပြသခဲ့ခြင်းမရှိပေ။ ယခုအချိန်မှာ အကျိုးမဲ့သည့်အရာကို သူမလုပ်ချင်ပေ။ မိန်ချင်းက သူ့ကို ဒဏ်ရာပြင်းထန်စွာ ရရှိအောင် ပြုမူခဲ့သည်။ မိန်ချင်းသာ ဤနေရာမှာ ရှိနေခဲ့လျှင် လင်းဖန်ကို သတ်ဖြတ်ရန်က လုံးဝမဖြစ်နိုင်ပေ။ အကယ်၍ သူသာ လင်းဖန်ကို သတ်လိုက်လျှင် မိန်ချင်းက သူ့ကို ဒဏ်ရာရအောင် ပြုလုပ်လိမ့်မည် ဖြစ်ပေသည်။
မျက်နှာကို ဇာပဝါဖြင့် ဖုံးအုပ်ထားခဲ့သော ဤမိန်းကလေးကား မည်သူနည်း။ မည်သည့်အတွက်ကြောင့် လင်းဖန်၏နောက်သို့ လိုက်နေရသနည်း။ သူမက အလွန်တရာ သန်မာလှပေသည်။
“ လင်းဖန်…တကယ်လို့ သွမ့်တျန်းလန်ဆိုတဲ့ငါက မင်းကို မသတ်ဘူးဆိုရင် အသက်ရှင်နေဖို့တောင် မထိုက်တန်တော့ဘူး ”
သွမ့်တျန်းလန်က ပြောလိုက်လေ၏။ သူ့သား၏အသားအရည်က လွန်စွာအေးစက်လာတာကို သွမ့်တျန်းလန် သတိထားမိလာပြီး ကျယ်လောင်စွာ ငိုကြွေးလိုက်လေသည်။
လေပြင်းတစ်ခုက နေရာတစ်ခုလုံးကို တိုးဝှေ့တိုက်ခတ်လာရာ လူအားလုံးမှာ အေးစက်မှုကို ခံစားလိုက်ရသည်။ သူတို့က တဖြည်းဖြည်းပျောက်ကွယ်သွားသော ပုံရိပ်ကိုကြည့်ရင်း ရွှီယွဲ့နိုင်ငံမှာ အံ့မခန်းပါရမီရှင်လေးတစ်ယောက် ထွက်ပေါ်လာခဲ့ပြီဖြစ်ကြောင်း တွေးနေကြတော့၏။
သူက ရန်သူတပ်သားများကို မြို့ထဲသို့ ဝင်ရောက်စေကာ မီးလောင်တိုက်သွင်းခဲ့သည်။ ရန်သူတပ်သားတစ်သိန်းကျော်ကျဆုံးခဲ့ရ၏။ ထို့ပြင် ရန်သူ့နယ်မြေထိ လိုက်လံကာ မင်းသမီးကို ကယ်ဆယ်ခဲ့ပြီး အင်ပါယာမြို့တော်သို့ အသက်ရှင်လျက် ပြန်လည်ဆောင်ယူခဲ့သည်။ အင်ပါယာမြို့တော်၏အရာရှိတစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီး သွမ့်တျန်းလန်၏ကွပ်မျက်ခြင်းကို ခံရသည့် လျန်ချန်းလန်အားလည်း ကယ်ဆယ်ခဲ့သည်။ သူက မြို့စားတစ်ယောက်ဖြစ်လာခဲ့ပြီး မြို့တစ်မြို့ကို ပိုင်ဆိုင်ခဲ့ကာ သွမ့်ဟန်ကို သူ့အဖေရှေ့မှာ သတ်ဖြတ်ခဲ့လေသည်။ လင်းဖန်၏နာမည်က နိုင်ငံတစ်ဝှမ်းတွင် သေချာပေါက် ထင်ပေါ်ကျော်ကြားတော့မည်။
အင်ပါယာမြို့တော်၏အပြင်ဘက်တွင် တပ်ဖွဲ့တစ်ခုက စုရုံးရောက်ရှိနေလေသည်။ ထိုစဉ် မြို့တော်၏ဂိတ်တံခါး ပွင့်သွားပြီး ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသောအုပ်စုတစ်စု ထွက်ပေါ်လာ၏။ ချက်ချင်းပင် လူအုပ်ကြီးက ဂိတ်ပေါက်ကို လှမ်းကြည့်လိုက်လေသည်။
လင်းဖန်က လူအုပ်ကြီးတစ်ခုလုံးကို ကြည့်လိုက်ပြီး အတော်လေး အံ့အားသင့်သွား၏။ သူစဉ်းစားမရသည့်ပုံစံဖြစ်သွားပြီး ရှေ့သို့ ဆက်သွားလိုက်သည်။
လူသုံးယောက်က သူ့ကို ကြိုဆိုရန် ရောက်လာ၏။ ထိုလူသုံးယောက်မှာ အလယ်တပ်သားများ၏ခေါင်းဆောင် ရိန်ချင်းကွမ်၊ လက်ဝဲတပ်သားများ၏ခေါင်းဆောင် ဖန်းယွီဟန်နှင့် လက်ယာတပ်သားများ၏ခေါင်းဆောင် လိုင်ချင်းတျန်တို့ ဖြစ်လေသည်။
“ အခု ဒီတပ်သားတွေအားလုံးကို ဦးလေးလျန်တာဝန်ယူထားတာမလား ?”
လင်းဖန်က ခေါင်းဆောင်သုံးယောက်ကို မေးလိုက်၏။ ယခုအချိန်တွင် တပ်သားများက အနီရောင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး သွေးနီမြင်းများကို စီထားကြသည်။ ထို့အပြင် သူတို့ကို ခေါင်းဆောင်သည့်အခြားသူများလည်း မရှိချေ။
မည်သူမျှစကားမပြောကြပေ။ ထိုစဉ် တပ်သားများသည် လင်းဖန်ကို ကြည့်လိုက်ပြီး မြင်းပေါ်မှ ဆင်းကာ ဒူးထောက်လိုက်လေသည်။
“ ကျွန်တော်တို့ သွေးနီတပ်သားတွေက ခေါင်းဆောင်သစ်ကို ကြိုဆိုပါတယ် !”
တပ်သားများက အလွန်တရာကျယ်လောင်စွာဖြင့် သံပြိုင်အော်ပြောလိုက်ရာ မြေပြင်ပင် တုန်ခါသွားရလေသည်။ ထိုအခြင်းအရာက လူများစွာ၏စိတ်အာရုံကို ဆွဲဆောင်သွားသည်။ အထူးသဖြင့် အဝေးမှာ ရှိနေသော လူအချို့ကိုပင် ဆွဲဆောင်သွား၏။ လင်းဖန်သည်လည်း တအံ့တသြဖြစ်သွားရလေသည်။
“ အားလုံးမတ်တတ်ရပ်လိုက်ပါ! မြေပြင်မှာ ဒူးထောက်ပြီး မင်းတို့ဘာလုပ်နေတာလဲ?”
လင်းဖန်က ပြောလိုက်သည်။
“ လင်းဖန် ”
ရိန်ချင်းကွမ်က လင်းဖန်ရှိရာသို့ မြင်းကိုကဆုန်စိုင်းစီးလာပြီး ပြောလိုက်၏။
“ လင်းဖန်..ဗိုလ်ချုပ်က ဒီတပ်သားတွေအားလုံးကို ထားခဲ့လိုက်တာ ”
“ တပ်သားတွေကို ထားခဲ့တယ်လား?”
လင်းဖန် အတော်လေးအံ့အားသင့်သွား၏။ လျန်ချန်းလန် ဘာလုပ်နေတာလဲ။
“ ဒါပေမယ့် ဗိုလ်ချုပ်နောက်ကို လိုက်ချင်တဲ့လူနည်းစုအပြင် အားလုံးက ထွက်ခွာသွားဖို့ ငြင်းဆန်ခဲ့ကြတယ်။ ဗိုလ်ချုပ်က သူ့နောက်လိုက်ပါနေတဲ့ တပ်သားတွေကိုသာ သွမ့်ရိန်မြို့ကို ခေါ်ဆောင်သွားခဲ့ပြီး မင်းကို ငါတို့ စောင့်ခိုင်းထားခဲ့ပြီး ထွက်သွားခဲ့တယ် ”
“ ကျွန်တော့်ကို စောင့်ခိုင်းတယ်လား ”
“ ဟုတ်တယ်..မင်းကို စောင့်နေတာ ”
ရိန်ချင်းကွမ်က တည်ကြည်စွာ ပြောလိုက်သည်။ ထို့နောက် သူက ဖြည်းညင်းစွာဖြင့်
“ လင်းဖန်..သွမ့်ရိန်မြို့မှာ နေဖို့အကြောင်းမရှိတော့ဘူးလို့ ဗိုလ်ချုပ်က ပြောခဲ့တယ်။ တကယ်လို့ မိုယွဲ့တပ်တွေကသာ နောက်တစ်ကြိမ် တိုက်ခိုက်လာခဲ့ရင် ခုခံနိုင်မှာ မဟုတ်ဘူး။ အဲ့ဒီအတွက်ကြောင့် ဗိုလ်ချုပ်က တပ်တစ်ခုလုံးကို ဒီနေရာမှာ စောင့်နေဖို့ ပြောခဲ့တာပဲ ”
“ လင်းဖန်..အခု မင်းက မြို့စားတစ်ယောက်ဖြစ်သွားပြီ။ သွေးနီတပ်သားတွေရဲ့ ခေါင်းဆောင်လည်း ဖြစ်သွားပြီ။ ရန်ကျုံးမြို့စားတစ်ယောက်အနေနဲ့ မင်းမှာ ကိုယ်ပိုင်တပ်ဖွဲ့ရှိရမယ်။ ဗိုလ်ချုပ်က ငါတို့ကို မင်းနဲ့အတူ နေခိုင်းခဲ့ပြီး ရွှီယွဲ့နိုင်ငံထက် မင်းအပေါ်မှာ သစ္စာစောင့်သိဖို့ ပြောခဲ့တယ်။ မင်းရဲ့ကိုယ်ပိုင်တပ်ဖွဲ့အဖြစ်နဲ့ ရန်ကျုံးမြို့ကို ငါတို့ သွားနိုင်တယ်။ အခကစပြီး သွေးနီတပ်က မင်းရဲ့အမိန့်ကိုသာ နားထောင်လိမ့်မယ် ”
ရိန်ချင်းကွမ်၏စကားလုံးများက လင်းဖန်၏နှလုံးကို ခုန်သွားစေသည်။ လျန်ချန်းလန်က ရွှီယွဲ့၏လက်ရွေးစင်တပ်သားများအပြင် ခေါင်းဆောင်သုံးယောက်ကိုလည်း သူ့ကိုယ်ပိုင်တပ်ဖွဲ့အဖြစ်ပေးအပ်ခဲ့တာလား?
မည်သို့ပင်ဆိုစေ….ယခုအခါမှာတော့ သူက မြို့စားတစ်ယောက်ဖြစ်နေပြီ။ ရန်ကျုံးမြို့မှာ သူ့တပ်အတွက် တပ်စွဲရန် နေရာရှိပေသည်။
ထို့နောက် ယွမ်ဟိုင်ကျောင်းတော်….………
“ ဟူး….”
လင်းဖန်က ခေါင်းကို မော့လိုက်ပြီး ကောင်းကင်ကို ကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်ထုတ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်လေ၏။
“ ကျွန်တော် သဘောတူတယ် ”
