အရူး…..!!!!!!!
ယွမ်ရှီသည် သူမ၏ရှေ့တွင် သွေးနားထင်ရောက်ကာ မောက်မာဝင့်ကြွားသည့်အသွင်ရှိသည့် အထက်တန်းလွှာလူငယ်တစ်ယောက်ကို တွေ့မြင်လိုက်ရလေသည်။
ဒူဂူရှန်သည် ချမ်းသာပြီး အစွမ်းထက်သော လူတစ်ယောက်ဖြစ်၏။
လူပေါင်းများစွာက လင်းဖန်၏အောင်မြင်မှုတွေအကြောင်း နေရာတိုင်းမှာ ပြောနေကြတာကို ဒူဂူဖန်ကြားခဲ့ရသည်။ လူတွေက သူနှင့်လင်းဖန်ကိုပင် နှိုင်းယှဉ်နေကြ၏။ အံ့အားသင်စရာကောင်းတာက သူ့ထက် လင်းဖန်က ပိုအစွမ်းထက်သည်ဟူ၍ပြောသော ယွမ်ရှီလိုလူများ ရှိနေခြင်းပင်။
ထို့အတွက်ကြောင့် ဒူဂူရှန်စိတ်ဆိုးဒေါသထွက်နေသည်။ ဘယ်လိုလူမျိုးက သူ့ထက်သာသည်ဟု ဤမိန်းကလေးတွေးထင်နေရသနည်း။ ကောင်းကင်ဘုံသင်တန်းကျောင်းရှိ လေးခုမြောက်မျှော်စင်၏ထိပ်ဆုံးအထပ်မှာ သူအမြဲတမ်းလေ့ကျင့်နေခဲ့သည်။ မည်သူကမှ သူ့နေရာကို မလုဝံ့ချေ။ ဒုတိယနေရာမှာ ရှိနေသော ချန်ပီလော်နှင့် တတိယနေရာမှာ ရှိနေသော ဝမ်အော်ရွှယ်ပင် သူ့နေရာကို မလုကြချေ။ သူတို့က သူနှင့်ပြဿနာတက်မှာကို စိုးရိမ်ကာ သူ့ထက်အစွမ်းအစနည်းသောကြောင့်ဟု ဒူဂူဖန်တွေးထင်နေခဲ့သည်။
လင်းဖန်ကို သူလေးစားသည်ဆိုလျှင်သော်မှ သူနှင့်လင်းဖန်ကို နှိင်းယှဉ်လိုက်ခြင်းက သူ့ကို အရှက်ခွဲလိုက်ခြင်းသာ ဖြစ်ပေသည်။
“ ဘာကြောင့် လင်းဖန်က ရှင်နဲ့ မနှိုင်းယှဉ်နိုင်ရမှာလဲ။ ကျွန်မအမြင်မှာတော့ လင်းဖန်က ရှင့်ထက် ပိုအစွမ်းထက်တယ်!”
ဒူဂူရှန်က လင်းဖန်ကို အထင်သေးစကားဆိုတာ ကြားလိုက်ရသောအခါ ယွမ်ရှီက ပြောလိုက်၏။
“ မင်းပါးစပ်ကို ပိတ်ထားလိုက်စမ်း!”
သူက ဒေါသတကြီး အော်ပြောလိုက်သည်။
“ ဖြန်း!”
ထိုစဉ် ကျယ်လောင်သောအသံတစ်ခုက လေထဲသို့ လွင့်ပျံလာ၏။ ယွမ်ရှီ၏ပါးကို ဒူဂူရှန်က ရိုက်လိုက်ခြင်းမဟုတ်ဘဲ ယွမ်ရှီ၏ဘေးမှာ ရှိနေသော ကောင်မလေးတွေထဲမှ တစ်ယောက်က ရိုက်လိုက်ခြင်းဖြစ်ပေသည်။
“ ယွမ်ရှီ…နင့်ပါးစပ်ကို ပိတ်ထားလိုက်! ဒူဂူရှန်က လင်းဖန်ထက် အများကြီးသာတယ်။ ဒူဂူရှန်ရှေ့မှာ လင်းဖန်က အသုံးမကျတဲ့ကောင်တစ်ယောက်သာ ဖြစ်တယ်။ ဘာကောင်မှမဟုတ်ဘူး ”
မိန်းကလေးက အလွန်တရာအေးစက်လှစွာဖြင့် ပြောလိုက်သည်။ သူမ၏စကားလုံးများနှင့် အပြုအမူများက လွန်စွာကြမ်းတမ်းခက်ထန်နေသည်။
ထိုအခြင်းအရာကို ဒူဂူရှန်မြင်သောအခါ သူ့မျက်နှာထက်မှာ ဝမ်းသာကျေနပ်သောအပြုံးတစ်ရပ် ဖြစ်ပေါ်လာ၏။ ဟုတ်သည်….သူ့ရှေ့မှာ လင်းဖန်ဆိုတာ ဘာကောင်မှမဟုတ်ပေ။
ထိုစဉ် သူတို့နှင့် မီတာတစ်ရာအကွာအဝေးတွင် ယောက်ျားပီသသောလူတစ်ယောက် ထွက်ပေါ်လာ၏။ သူတို့က ခေါင်းများကိုမော့လိုက်ပြီး ခန့်ညားထည်ဝါသည့်မျှော်စင်ကို ကြည့်လိုက်သည်။
ထိုလူငယ်ကား သူတို့ပြောဆိုနေကြသည့် လင်းဖန်ပင် ဖြစ်ပေသည်။
လင်းဖန်က ခေါင်းကို ဖြည်းညင်းစွာလှည့်လိုက်ပြီး ဒူဂူရှန်နှင့် အခြားသူများကို ကြည့်လိုက်၏။ သူက စိတ်စွမ်းအားလေ့ကျင့်ရာမျှော်စင်သို့ သွားချင်နေပြီး နှစ်ကုန်ဆုံးသည့်တိုင် ထိုနေရာမှာ ကျင့်ကြံပြီး ရန်ကျုံးမြို့သို့ ပြန်ရန်ရည်ရွယ်ထားသည်။ သို့သော် ယခုအခါ လမ်းပေါ်မှာ လူများက သူ့အကြောင်း ပြောနေကြပြီး မျှော်စင်၏အောက်ခြေမှာပင် သူနှင့်ပတ်သက်ပြီး အငြင်းအခုန်ဖြစ်နေကြသည်ကို လင်းဖန်တွေ့လိုက်ရသည်။
စကားလုံးတိုင်းကို လင်းဖန်ကြားရသော်လည်း သူတို့နှင့်ဖက်ပြီး သူပြိုင်မပြောချင်ပေ။ သူတို့ကို သူအစွမ်းထက်ကြောင်း သက်သေပြရမှာကို သူသဘောမကျချေ။ လူများစွာက သူ့အကြောင်းကို ပြောနေကြသော်လည်း သူကတော့ လူအားလုံးကို ဂရုမစိုက်နိုင်ပေ။ အချိန်တန်လျှင်ပြီးသွားမည်ဟူ၍သာ သဘောထားလိုက်သည်။
သို့သော် ထိုစဉ် သူ့ဂုဏ်သိက္ခာကို ကာကွယ်ပြောဆိုနေသော မိန်ကလေးက သူ့ကို ကာကွယ်ခြင်းအတွက် ပါးရိုက်ခံလိုက်ရပြီး အရှက်ခွဲခြင်းခံလိုက်ရလေရာ လင်းဖန် မျက်မှောင်ကြုတ်သွား၏။
“ ယွမ်ရှီ…ဒီနေ့ည မင်းနဲ့အိပ်မယ်။ အဲ့ဒီလိုဆိုရင် ဒီအကြောင်းကို နောက်ထပ်ပြောနေမှာ မဟုတ်တော့သလို မင်းကိုလည်း အပြစ်မပေးတော့ဘူး ”
ဒူဂူရှန်က အလွန်တရာ ဝင့်ကြွားလှသည့်အသံဖြင့် ပြောလိုက်သည်။ မည်မျှရယ်စရာ ကောင်းလိုက်ပါသနည်း။ ဆိုးရွားလှသာ သူ့ရုပ်ရည်နှင့် မိန်းကလေးတစ်ယောက်ကို ရရှိရန် လွန်စွာခဲယဉ်း၏။ သို့သော် ထိုအကြောင်းကို သူပြောလိုက်လျှင် ယွမ်ရှီကို မျက်နှာသာပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။ ထို့ပြင် သူက သူ့ထက် လင်းဖန်က ပိုတော်ကြောင်း အံ့အားသင့်စရာကောင်းလောက်အောင် ပြောဆိုဝံ့လေရာ မြင့်မြတ်သောကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါဖြင့် သူမကို တစ်ညအိပ်ကာ သင်ခန်းစာကောင်းကောင်းပေးရလိမ့်မည်။
“ ရှင် ….”
ယွမ်ရှီဆွံ့အသွားပြီး သူမကို အမြတ်ထုတ်ချင်နေသည့် ရုပ်ဆိုးပြီး အကျင့်မကောင်းသောကောင်အား ကြည့်လိုက်သည်။ သူနှင့်အိပ်ခွင့်ရသည့်အတွက် သူမမှာ ရှားပါးသောအခွင့်အရေးရလိုက်သည်ဟု ပြောနေခြင်းပါလား။ မည်မျှအရှက်မရှိလိုက်သည့် လူငယ်နည်း။ သူ့အောက်မှာ ရှိသူများကို လွတ်လပ်စွာ အရှက်ခွဲနိုင်လိမ့်မည်ဟု သူထင်မှတ်နေသည်။
အမှန်တကယ်လည်း ဒူဂူဖန်က တချို့ကလွဲလျှင် သူ့အောက်မှာရှိသူများကို သူစိတ်ကြိုက်ပြုမူနိုင်သည်ဟု တွေးထင်နေသူဖြစ်သည်။
