သိုင်းပညာ၏ ထူးဆန်းမှုများ
“ အသုံးမကျသောသူ ” ဟူသော စကားကို ကြားပြီး လင်းဖန်က ခေါင်းမော့ကြည့်လိုက်ရာ သူ့ကို ယခင်ကနှင့်မတူဘဲ အထင်သေးသည့် အကြည့်များနှင့် ကြည့်နေသော မိန်းကလေးနှစ်ယောက်ကို မြင်သောအခါ သူဒေါသထွက်သွားမိသည်။
တန်ခိုးရှင်များ၏ကမ္ဘာတွင် အစွမ်းနိမ့်ကျသောသူကိုသာလျှင် အဝေးသို့ ပစ်လွှင့်တတ်ကြ၏။ သို့သော်လည်း လူအချို့က သူတို့စိတ်ထဲမှာ ထိုကဲ့သို့ သဘောထားရှိနေသော်မှ ကျစ်ယီပြုမူသကဲ့သို့ မလုပ်ကြပေ။
“ ကျစ်လင်း..သူ့ကို မြင်းလှည်းအပြင်ဘက် ကန်ထုတ်လိုက် ”
ကျစ်ယီက အေးစက်စက်အသံဖြင့် ပြောကြားလိုက်သည်။ သူမအသံက တည်ငြိမ်နေပြီး မလိုမုန်းသည့်အသွင်ရှိပေ၏။ ထိုအချိန်တွင် သူမစိတ်ထဲတွေးနေမိသည်မှာ လင်းဖန်က အလွန်ချောမောခန့်ညားသူဖြစ်သော်လည်း အသုံးမကျသောလူတစ်ယောက်သာဖြစ်သည်ဟူ၍….
“ ရှင်က တပ်သားတစ်ယောက်မဟုတ်လား။ ရှင်က သိုင်းပညာကို ဘယ်လိုလုပ်မလေ့ကျင့်ရတာလဲ။ အနည်းဆုံးတော့ ချီစုဆောင်းမှု့အဆင့်ကိုတောင် ရှင်မရောက်သေးဘူးလား ”
ကျစ်လင်းက လင်းဖန်က ကြည့်၍မေးလိုက်သည်။ သူမအကြည့်က တမျိုးဖြစ်နေ၏။
“ ငါက ဒဏ်ရာရခဲ့တဲ့အတွက်ကြောင့် အခုချိန်မှာ နည်းနည်းလေးတောင် အစွမ်းမရှိတော့တဲ့ပုံပဲ ”
လင်းဖန်က ခေါင်းကိုခါယမ်းလျက်ပြောဆိုလိုက်သည်။ ကျစ်ယီ၏စကားလုံးများကြောင့် သူဒေါသမဖြစ်မိပေ။ သူက စစ်ပွဲတစ်ခုကို ကျော်ဖြတ်လာခဲ့ပြီဖြစ်သောကြောင့် ကြောက်မက်ဖွယ်ကောင်းသောအရာများနှင့် သွေးပျက်ဖွယ်မြင်ကွင်းများကို သူကြုံတွေ့ခဲ့ရပြီးပြီဖြစ်၏။ သူ့နှလုံးသားက ရင့်ကျက်လာပြီဖြစ်ပြီး ယခင်တုန်းက သူ့အပြုအမူများသည် ကလေးဆန်လွန်းတာကို နားလည်သွားသည်။ သူ့ပင်ကိုယ်စရိုက်က ပေါ်ထွက်လာခဲ့ပြီဖြစ်၍ တခြားစကားလုံးများက သူ့ကို အကျိုးသက်ရောက်မှုမဖြစ်စေနိုင်တော့ပေ။
“ အော်….”
ကျစ်လင်းက ခေါင်းညိတ်ပြလိုက်၏။ သုမက လင်းဖန်ပြောသောအကြောင်းအရာကို အဖြေရှာသည့်အသွင်ဖြင့် စဉ်းစားနေပြီး စူးစမ်းသည့်အသွင်ဖြင့် လင်းဖန်အား ကြည့်နေသည်။
“ ကျစ်လင်း..တောင်ရွာက လူတွေသာ ငါတို့မြင်းလှည်းထဲမှာ အသုံးမကျတဲ့လူပါလာကြောင်းသိသွားရင် သူတို့က ငါတို့ကို ရယ်မောကြလိမ့်မယ်။ သူ့ကို ကန်ထုတ်လိုက်ကြမယ်..ဟုတ်ပြီလား ”
ကျစ်ယီက ထပ်မံ၍ ပြောဆိုလိုက်၏။ သူမက လင်းဖန်မျက်နှာကို အမှန်တကယ် မထောက်ဘဲ ယဉ်ကျေးမှုမရှိ ပြောဆိုနေပေသည်။ အသုံးမကျသောသူက သူမတို့ကို ဘာတစ်ခုမှလုပ်နိုင်မည်မဟုတ်သည့်အတွက် သူမအနေဖြင့် ချိုသာစွာပြောဆိုခြင်းမဟုတ်ဘဲ သူ့ကို အရှက်ခွဲသည့်တိုင် ကိစ္စမရှိချေ။
“ မမကျစ်ယီ..သူ့ကိုတွေ့တာက ကံကြမ္မာပဲလေ။ ဒီလောက်အကြင်နာတရားကင်းမဲ့ပြီး ရက်စက်ဖို့မလိုပါဘူး ”
ကျစ်လင်းက ခေါင်းကိုခါယမ်းလျက်ပြောဆိုလိုက်၏။ ထို့နောက် လင်းဖန်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ လင်းဖန်…ရှင့်ကို ကျွန်မရဲ့အစေခံအဖြစ် နေခွင့်ပြုမယ်။ ရှင်က ကျွန်မရဲ့စောင့်ရှောက်မှုနဲ့ ကျွန်မတို့ရဲ့တောင်ရွာကို ဝင်ရမယ် ”
“ အစေခံလား ”
လင်းဖန်အံ့သြသွားသည်။ သူက အစေခံဖြစ်ရမည်လား။
သူ့နှလုံးသားထဲမှာ စိတ်ပျက်လက်ပျက်ပြုံးနေမိသည်။ အစေခံအဖြစ်သို့ ရောက်အောင်ဖိအားပေးခံရလိမ့်မည်ဟု လင်းဖန်မထင်ထားခဲ့ပေ။ သို့သော် သူက မိုယွဲ့နိုင်ငံ၏ပိုင်နက်အတွင်းမှာရှိနေသေးသရွေ့ သန့်စင်သောချီကို စုပ်ယူ၍လည်းမရ၊ သိုင်းပညာကို ထုတ်ဖော်၍လည်း မရသောခြေအနေမှာ တစ်ယောက်တည်းခရီးသွားခြင်းက အန္တရာယ်ကို လက်ယပ်ခေါ်နေသလို ဖြစ်နေမည် ဖြစ်သည့်အတွက် အစေခံတစ်ယောက်အဖြစ်နေလိုက်ခြင်းက သူ့အတွက် သင့်တော်နေသည်။
အကယ်၍ သူသာ အစွမ်းများ ပြန်ရလာခဲ့လျှင် ဘယ်သူက သူ့ကို အစေခံတစ်ယောက်လို ဆက်ဆံဝံ့မည်နည်း။
လင်းဖန်က ခေါင်းကိုသာ ညိတ်ပြလိုက်၏။ သူ့အမြင်ကို ဖော်ပြခြင်းမပြုချေ။
“ အရမ်းကောင်းတယ်။ အဲ့ဒါဆိုရင် ရပြီ ”
ကျစ်လင်းက ပြုံး၍ ပြောလိုက်သည်။ ကျစ်ယီက ခေါင်းကိုသာခါယမ်းနေပြီး ငြိမ်သက်နေ၏။
ကျစ်ဝေတောင်ရွာကို တောင်များဖြင့် ဝန်းရံထားပြီး အလွန်လှပကာ နေထိုင်၍ကောင်းသည့် နေရာတစ်ခုဖြစ်သည်။ မိုယွဲ့နိုင်ငံ၏မြောက်ဘက်တွင်တည်ရှိသည်။ ထိုနေရာသည် သြဇာအရှိန်အဝါကြီးမားသောနေရာတစ်ခုဖြစ်ပြီး ကျစ်မျိုးနွယ်စုတွင် ပါဝင်၏။
ကျစ်မျိုးနွယ်စု၏အစွမ်းထက်ဆုံးသူမှာ ရွှမ်ချီအဆင့်သို့ ရောက်နေပြီဟု ပြောကြသည်။ ထို့အပြင် ကျစ်မျိုးနွယ်စုက မိုယွဲ့နိုင်ငံထက်ပင် ပို၍ရှေးကျ၏။ သို့သော်လည်း အချိန်ကာလကြာမြင့်သောအခါ ၎င်း၏အရှိန်အဝါသည်လည်း လျော့ကျသွားခဲ့ရသည်။
ကျစ်လင်းက ကျစ်ဝေတောင်ရွာမျိုးနွယ်စု၏ အကြီးဆုံးသမီးဖြစ်သည်။ ကျစ်ယီက ကျစ်လင်း၏အဖေဖြစ်သူမှ မွေးစားထားခြင်းဖြစ်၏။ သို့ဖြစ်၍ ကျစ်ဝေတောင်ရွာတွင် ကျစ်လင်းက ကျစ်ယီထက် ပိုမို၍လုပ်ပိုင်ခွင့်ရှိလေရာ ကျစ်ယီက လင်းဖန်ကို မြင်းလှည်းအတွင်းမှ ထုတ်လိုက်ချင်သော်လည်း ကျစ်လင်းက လက်မခံသည့်အတွက် ကျစ်ယီအနေဖြင့် ထိုအရာကို လက်ခံရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။
ကျစ်ဝေတောင်ရွာသည် လွန်စွာကျယ်ပြန့်၏။ ကျစ်လင်းနေထိုင်သောနေရာသည် ကြည့်၍လှပပြီး ရေပန်းလေးများ၊ စိမ်းစိုနေသော ဥယျာဉ်များရှိသည်။ ၎င်းနေရာကို ကြီးမားသော ဥယျာဉ်ကြီးတစ်ခုနှင့် ဝါးပင်များက ဝန်းရံထားလေရာ တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းလှပေ၏။
ယခုအချိန်တွင် လင်းဖန်သည် တံမျက်စည်းတစ်ချောင်းဖြင့် ဥယျာဉ်ပတ်လည်ကို လှည်းကျင်းနေသည်။ သို့သော်လည်း သူ၏စိတ်အာရုံက သူ့အတွေးစများထဲမှာသာ နစ်မျောနေလေ၏။
ကောင်းကင်နှင့် မြေကြီး၏သန့်စင်သောချီကို သူခံစားနိုင်နေသည်။ သူ၏အာရုံခံနိုင်စွမ်းကလည်း ယခင်ကထက် ပိုမိုပြတ်သားရှင်းလင်းလာ၏။ သို့ရာတွင် ချီဓာတ်ကို သူ့ကိုယ်တွင်းသို့ရောက်အောင် စုပ်ယူနိုင်ခြင်းမရှိသေးချေ။ ထိုထူးဆန်းသောအခြေအနေက သူ့ကို ဒုက္ခများစွာဖြစ်စေပြီး ထိုအကြောင်းကိုတွေးမိတိုင်း သူ့နှလုံးခုန်နှုန်းများ မြန်ဆန်လာရသည်။
လေထဲတွင် သစ်ရွက်လေးတစ်ရွက် လွင့်မျောနေ၏။ လင်းဖန်က ထိုသစ်ရွက်လေးကို ကြည့်ကာ မြေပြင်ရှိ မည်သည့်နေရာတွင် သက်ဆင်းနိုင်ကြောင်းနှင့် မည်ကဲ့သို့ ဆက်လက်လွင့်မျောမည်လဲဆိုတာကို သိနိုင်သည်။
လင်းဖန်က ဘယ်ဘက်လက်ဖြင့် တံမျက်စည်းကို ဆွဲယူကာ ညာဘက်လက်ကို ဓားတစ်လက်သဖွယ်မြှောက်လိုက်ပြီး သစ်ရွက်ကို ချိန်ရွယ်ကာ ဖြတ်တောက်လိုက်၏။ သူ့တွင် သန့်စင်သော ချီဓာတ်နှင့် ဓားစွမ်းအင်များ မရှိသော်မှ သူ၏လက်က ဓားတစ်လက်သဖွယ် လှုပ်ရှားနိုင်ဆဲပင်ဖြစ်သည်။
သို့သော်လည်း လင်းဖန်၏လက်က သစ်ရွက်နှင့်နီးသောအခါ သစ်ရွက်က အဝေးသို့ရွေ့သွားပြီး လေထုကို ဖြတ်၍ဆက်လက်လွင့်မျောသွား၏။ သစ်ရွက်ကို ထိတွေ့နိုင်ခြင်းမရှိသလို ထိန်းချုပ်နိုင်ခြင်းလည်း မရှိချေ။ သစ်ရွက်က လင်းဖန်နှင့်ဝေးရာသို့ အချိန်တိုင်းလွင့်မျောသွားသည်။ လင်းဖန်မှာ လေကိုသာလျှင်ပိုင်းဖြတ်နိုင်ပြီး သစ်ရွက်ကို ဖြတ်တောက်နိုင်ခြင်း မရှိချေ။
“ သစ်ရွက်ကို ငါမဖြတ်နိုင်ဘူး!”
လင်းဖန်မှာ အတော်လေးအံ့သြသွား၏။ သစ်ရွက်ကား မြေပြင်သို့ ရောက်သွားလေပြီ။ သစ်ရွက်က ရိုးရှင်းစွာကျဆင်းနေခြင်းဖြစ်သော်လည်း လင်းဖန်က မဖြတ်နိုင်ခဲ့ချေ။ သစ်ရွက်၏လှုပ်ရှားမှုများက သူ့စိတ်ထဲတွင် ရှင်းလင်းပြတ်သားစွာ ပေါ်နေသော်လည်း နောက်ထပ်လှုပ်ရှားမှုကို သူမမှန်းဆနိုင်ပေ။ သူက သစ်ရွက်ကို ထိရန်ကြိုးစားလိုက်သည်နှင့် လမ်းကြောင်းပြောင်းသွားခဲ့သသည်။
အကယ်၍ လင်းဖန်သာ သန့်စင်သောချီကို ထိန်းချုပ်နိုင်လျှင် သစ်ရွက်ကို ဖြတ်တောက်ခြင်းက သူ့အတွက် အလွန်လွယ်ကူနေပေလိမ့်မည်။ သို့သော် ယခုအချိန်တွင် သူ၏လက်က ဓားတစ်လက်ပမာ ရှိနေသော်လည်း သစ်ရွက်ကို ပိုင်းဖြတ်နိုင်ရန်အတွက်မူ ခက်ခဲနေသည်။
“ ငါက ဓားနဲ့ ပေါင်းစပ်နိုင်ခဲ့ပေမယ့် တစ်စုံတစ်ခုလွဲမှားနေသလို လုံလောက်မှုမရှိသေးတဲ့ပုံပဲ ”
လင်းဖန်က တီးတိုးရေရွတ်လိုက်၏။ သူက ယခင်ကထက် ပိုမိုအစွမ်းထက်လာခဲ့သော်လည်း ပိတ်ထားသောတံခါး၏ရှေ့ခြေတစ်လှမ်းစာမျှသာ ခရီးရောက်သေးကြောင်း ထင်နေမိသည်။
ရှုပ်ထွေးသောအခြေအနေတစ်ခုကို သူရောက်နေပြီး အကယ်၍ သူသာ နောက်တစ်လှမ်းဆက်မတိုးနိုင်လျှင် သန့်စင်သောချီများကိုလည်း စုပ်ယူနိုင်လိမ့်မည် မဟုတ်ချေ။
“ ငါပိုသန်မာလာတဲ့နေ့တုန်းက ငါ့ရဲ့အရိုးတွေက ကျိုးကြေသွားခဲ့တယ်။ ငါ့အတွင်းအင်္ဂါတွေလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်။ ငါ့ရဲ့ခိုင်မာတဲ့စိတ်ဓာတ်က အတိုက်အခိုက်စွမ်းအင်၊ ရေခဲစွမ်းအင်၊ ဓားစွမ်းအင်တွေကို ပေါင်းစည်းနိုင်အောင် ငါ့ကို အကူအညီပေးခဲ့တယ်။ အဲ့ဒီလိုနည်းနဲ့ ငါက ဓားတစ်လက်လိုဖြစ်သွားခဲ့ပြီးတော့ စွမ်းအင်သုံးတိုက်ခိုက်ခြင်းထက် ပိုမိုပြင်းထန်တဲ့တိုက်ခိုက်မှုတွေကို လုပ်နိုင်ခဲ့တယ်။ ငါ့ရဲ့ခိုင်မာတဲ့စိတ်ဓာတ်က ငါ့ကို ပိုသန်မာအောင်လုပ်တဲ့နေရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့တာပဲ ”
လင်းဖန်က တီးတိုးရေရွတ်လိုက်ပြီး သူရရှိခဲ့သောစွမ်းအားကို ပြန်လည်တွေးတောကြည့်လိုက်၏။
“ မြင့်မြတ်သောစိတ်ဝိညာဉ်ရဲ့ ပထမအလွှာကို အားပြုပြီးတော့ ဓားနဲ့ပေါင်းစပ်တာကို ငါထိန်းချုပ်ခဲ့တယ်။ အဲ့ဒါက ငါ့ကို ရုပ်ပိုင်းဆိုင်ရာ ပိုမိုသန်မာလာအောင် ကူညီပေးခဲ့ပြီးတော့ ငါ့ပတ်လည်မှာရှိတဲ့ ကမ္ဘာကြီးကိုလည်း ပိုသတိထားလာမိစေခဲ့တယ်။ ငါ့ရဲ့စိတ်ဝိညာဉ်က ငါ့ကို ဓားပညာနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်နားလည်စေခဲ့ပြီး ငါ့ရဲ့ဓားနဲ့ တသားတည်း ပေါင်းစပ်နိုင်အောင် ကူညီပေးခဲ့တယ်။ တကယ်လို့ငါ့မှာလိုအပ်နေသေးတဲ့အရာရှိနေသေးတယ်ဆိုရင် စိတ်ဝိညာဉ်ရဲ့အစွမ်းကို အသုံးချတာပဲဖြစ်ရမယ် ”
