#Zawgyi
တားမြစ်ခြင်း
လင်းဖန် ရေချိုးခန်းထဲသို့ ဝင်ရောက်လာသောအခါ ရီရွှယ်သည် ရေကို ပြင်ဆင်ပြီးဖြစ်နေ၏။ လင်းဖန်ရောက်လာတာကို ရီရွှယ်မြင်သောအခါ မဝံ့မရဲလေသံဖြင့်
“ သခင်လေး…သခင်လေးရဲ့ အဝတ်အစားတွေကို ချွတ်ပေးပြီးတော့ ရေချိုးတဲ့အခါ ဆပ်ပြာတွေ တိုက်ပေးရဦးမလား ”
ထိုစကားပြောနေစဉ် ရီရွှယ်၏ခေါင်းလေးမှာ အောက်သို့ အနည်းငယ်ငုံ့နေပြီး ရှက်ရွံ့နေသည့်အရိပ်အယောင်လေးများက သူမ၏မျက်နှာထက်မှာ ပေါ်ထွက်နေသည်။လင်းဖန် အတော်လေးအံ့အားသင့်သွားပြီး သူ၏ခေါင်းကို ကုတ်လိုက်၏။ မိန်းမလှလေးတစ်ယောက်က သူ၏အဝတ်အစားတွေကို ချွတ်ပေးပြီး ဆပ်ပြာတိုက်ပေးမည်လား။ ထိုကဲ့သို့ ကမ်းလှမ်းမှုမျိုးကို လင်းဖန်ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ဖူးပေ။
သို့ရာတွင် လင်းဖန်က ခေါင်းကို ခါယမ်းလိုက်ပြီး ပြောလိုက်၏။
“ မင်းကို ကျေးဇူးတင်ပါတယ်။ မလိုဘူး။ မင်းလုပ်စရာရှိတာတွေကို သွားလုပ်နိုင်တယ် ”
“ ဟုတ်ကဲ့ရှင့် ”
ရီရွှယ်က ခေါင်းလေးကို ငြိမ့်ကာ ပြောလိုက်သည်။ ထို့နောက် ကြမ်းပြင်ကို ကြည့်ကာ ထွက်ခွာသွားပြီး ရေချိုးခန်းတံခါးကို ပိတ်လိုက်၏။လင်းဖန်ပြုံးလိုက်ပြီး ကြီးမားသော ရေချိုးကန်ထဲသို့ ချက်ချင်းဝင်လိုက်၏။ လျှပ်တပြက်အတွင်းမှာ အေးမြလန်းဆန်းသော ခံစားချက်က သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်လာရာ သူမထိန်းချုပ်နိုင်ဘဲ ညည်းညူလိုက်သည်။
အာကာသမီးလျှံနေမင်းကျင့်စဉ်ကို အသုံးပြုစဉ်အခါက လင်းဖန်သည် နေရောင်ခြည်များကို သူ့ကိုယ်တွင်းသို့ ဝင်ရောက်စေပြီး သန့်စင်သော မီးတောက်ချီများအဖြစ်သို့ ပြောင်းလဲသွားစေ၏။ ထိုမီးတောက်များ၏ပူပြင်းမှုနှင့် သွေးကြောများလောင်ကျွမ်းလာမှုကို သူခံစားခဲ့ရသည်။
နောက်ဆုံးတစ်ကြိမ်တုန်းက သူသည် သုန်းလင်တောင်တန်းတစ်ခုလုံးကို အလွန်ပူပြင်းသော မီးတောက်များဖြင့် မီးလောင်အောင် ပြုလုပ်ခဲ့၏။
