အပိုင်း ( ၃၈၈ )

326 37 0
                                        

Zawgyi

အံ့အားသင့်သွားခြင်း

သက်လတ်ပိုင်းအရွယ်လူ၏ ဖိတ်ကြားချက်ကို လင်းဖန်ကြားသောအခါ အံ့အားသင့်သွားသည်။
ထိုလူက သည်နေရာမှာ နေတာလား။ ကြမ်းကြုတ်သည့်အသွင်ရှိသော သက်လတ်ပိုင်းအရွယ်လူက တောင်တန်း၏တောနက်တွေထဲမှာ နေတာလား။ သူ၏အသက်အန္တရာယ်အတွက် မစိုးရိမ်ဘူးလား။
ထို့အပြင် သူက တောင်တန်း၏ပတ်လည်ကို လင်းဖန်အား လိုက်ပြမည့်ကိစ္စကို သာမန်အရာတစ်ခုအလား ပြောဆိုနေသည်။ သူ့လေသံက နဂါးကိုးကောင်တောင်တန်းအကြောင်းကို ကောင်းစွာသိနေသည့်ပုံပေါ်၏။
လူသားတစ်ယောက်က တောင်တန်း၏တောနက်တွေထဲမှာ စိတ်ရှိတိုင်း လျှောက်သွားနိုင်သလား။
“ ဦးလေးက ဘယ်နေရာမှာ နေတာလဲ ”
လင်းဖန်က သတိထားလျက် လွန်စွာယဉ်ကျေးသည့်လေသံဖြင့် ပြောကြားလိုက်၏။ အခြေအနေက အလွန်အန္တရာယ်ရှိသော အနေအထားသို့ ပြောင်းသွားနိုင်သည်။ ထို့ပြင် လင်းဖန်၏စိတ်ထဲမှာ သံသယများဖြစ်ပေါ်နေ၏။
“ ဒီအနီးနားလေးမှာပဲ။ ကျုပ်နဲ့လိုက်ခဲ့လိုက်။ စကားပြောရင်း စစ်တုရင်ကစားကြတာပေါ့ ”
သက်လတ်ပိုင်းအရွယ်လူက လွန်စွာနွေးထွေးသည့်အပြုံးဖြင့် ပြောလိုက်ပြီး လင်းဖန်ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူသည် ချာခနဲလှည့်ကာ စတင်ထွက်ခွာသွား၏။
လင်းဖန်သည် ဆွံ့အနေပြီး တဒင်္ဂကြာ ချီတုံချတုံဖြစ်နေသည်။ ထို့နောက် ထိုလူ၏နောက်သို့ လိုက်ပါသွား၏။ စောစောက အတောင်ပံကျား၏ အော်သံကြောင့် ဤနေရာမှာ နောက်ထပ်လုံခြုံခြင်းမရှိတော့ပေ။ များစွာသော တောရိုင်းကောင်များ ရောက်ရှိလာလိမ့်မည်။
တောရိုင်းကောင်နှင့် သက်လတ်ပိုင်းအရွယ်လူတို့သည် ကျောက်သားဖြင့်ပြုလုပ်ထားသည့် တောအုပ်အတွင်းမှာ နေထိုင်ကြ၏။ ကျောက်သားများသည် ကြီးမားပြီး တစ်ခုနှင့်တစ်ခု ခိုင်ခံကျစ်လစ်စွာ တည်ရှိနေသည်။ ထိုနေရာတွင် သက်လတ်ပိုင်းအရွယ်လူက သူ၏နေအိမ်ကို ဆောက်လုပ်ထား၏။ ကုလားထိုင်များ၊ စားပွဲများအပြင် အရက်သောက်သည့်ခွက်များသည်လည်း ကျောက်သားဖြင့် ပြုလုပ်ထားသည်။
လင်းဖန်မှာ ထိုကျောက်သားဖြင့်ပြုလုပ်ထားသော စားပွဲနှင့်ကုလားထိုင်တို့သည် အစစ်အမှန်မဟုတ်ဟူသော ထူးဆန်းသည့်ခံစားချက်ကို ရရှိနေ၏။
“ အရက်သောက်ပြီး စစ်တုရင်ကစားချင်လား။ တကယ်တော့ ဒီနေရာမှာ အဲ့ဒါတွေရဖို့ မလွယ်ဘူး ”
သက်လတ်ပိုင်းအရွယ်လူက မထူးခြားသည့်ဟန်ဖြင့် ပြုံးပြလိုက်ရင်း လင်းဖန်ဆီသို့ လျှောက်လာသည်။ သူ၏လေသံက သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေသည့်ပုံပေါ်သည်။ အတောင်ပံကျားသည်လည်း သူ့နောက်သို့ ဒေါသထွက်ခြင်းမရှိဘဲ လိမ္မာယဉ်ကျေးစွာ လိုက်ပါနေ၏။
လင်းဖန်သည် စက္ကန့်တိုင်း များစွာ အံ့အားသင့်လာရသည်။ အရာအားလုံးက ထူးဆန်းနေသည်။ ထိုသက်လတ်ပိုင်းအရွယ်လူသည် နားလည်ရခက်ပြီး အရိုင်းဆန်၏။
နောက်ထပ်အံ့သြစရာတစ်ခုမှာ အတောင်ပံကျားဖြစ်သည်။ ၎င်းက ထိုလူကို အံ့သြတုန်လှုပ်စရာကောင်းအောင် ကျိုးနွံနေ၏။ ရှေးဟောင်းတောရိုင်းကောင်တစ်ကောင်က ထိုလူ၏အပါးတွင် ဒေါသထွက်ခြင်းမရှိဘဲ လိမ္မာယဉ်ပါးစွာ ရှိနေသည်။
“ ဧည့်သည်တော်လေး…လာ ”
သက်လတ်ပိုင်းအရွယ်လူက လွန်စွာ ယဉ်ကျေးသည့်လေသံဖြင့် လင်းဖန်ကို သူ၏အိမ်ထဲသို့လာရန် ဖိတ်ကြားနေ၏။
လင်းဖန်သည် ကျောက်စိုင်ကျောက်သားများဖြင့် ဆောက်လုပ်ထားသော အဆောက်အဦထဲသို့ ဝင်ရောက်လာသည်။ အတွင်းပိုင်းသည် လွန်စွာကျယ်ဝန်းလှပြီး နန်းတော်တစ်ခုအလားပင် ထင်ရ၏။
သက်လတ်ပိုင်းအရွယ်လူသည် နန်းတော်ထဲသို့ လျှောက်သွားနေပြီး လင်းဖန်၏မြင်ကွင်းမှာ ပျောက်ကွယ်သွားသည်။ မကြာမီ နန်းတော်၏တခြားဘက်မှာရှိသည့် မြင့်မားသော ပုလ္လင်ထက်မှာ ပေါ်ထွက်လာသည်။ သူ့ကိုကြည့်ရသည်မှာ သြဇာအာဏာနှင့်ပြည့်ဝသည့်ပုံပေါ်ကာ အရာအားလုံးကို အပေါ်စီးမှ ကြည့်နေပြီး ခန့်ညားထည်ဝါနေအသွင်ရှိ၏။
“ ဧည့်သည်တော်လေး…ကျုပ်အိမ်က ခန့်ညားထည်ဝါပြီး ရင်သပ်ရှုမောဖွယ်ကောင်းတယ်လို့ မထင်ဘူးလား ”
သက်လတ်ပိုင်းအရွယ်လူက လက်ကို ဖြန့်လိုက်ပြီး မေးလိုက်၏။ သူ့အသွင်က လွန်စွာခန့်ညားထည်ဝါနေရာ လင်းဖန်၏မျက်လုံးများ တလက်လက်တောက်ပလာသည်။ ယခုအချိန်မှာ သားရဲဆန်သည့်အသွင်ရှိသော ထိုလူ၏အသွင်က ဘုရင်တစ်ပါးအလား ထင်ရသည်။
“ ဟုတ်တယ်။ အရမ်းခန့်ညားထည်ဝါတယ် ”
လင်းဖန်က ခေါင်းညိတ်ပြလိုက်၏။ နန်းတော်က ဘုရင်တစ်ပါးနေထိုင်ရာနှင့် လွန်စွာတူညီနေသည်။ ခန်းမကျယ်ကြီး၏ပတ်လည်တွင် လှေကားများစွာရှိသည်။ အရာအားလုံးက အလွန်တရာ ကြီးမားပြီး ထည်ဝါနေသည်။
သက်လတ်ပိုင်းအရွယ်လူသည် လင်းဖန်က ခေါင်းညိတ်ပြသည်ကို မြင်သောအခါ လင်းဖန်၏အမြင်ကိုကြားလိုက်ရ၍ ပျော်ရွှင်သွားသည့်အလား ပြုံးနေသည်။
ထို့နောက် သူသည် မတ်တတ်ရပ်လိုက်ပြီး ချက်ချင်းပင် လင်းဖန်၏ဘေးသို့ ရောက်လာရာ လင်းဖန်၏မျက်လုံးအိမ်များ ကျဉ်းမြောင်းသွား၏။
မည်မျှမြန်လိုက်သနည်း။
စောစောက သက်လတ်ပိုင်းအရွယ်လူ၏အစွမ်းနှင့်ပတ်သက်ပြီး လင်းဖန်မှာ မသေချာဖြစ်နေခဲ့၏။ သို့သော် ထိုလူကို သူကြည့်နေရင်းမှာပင် သူသတိမထားမိနိုင်အောင် အလွန်လျင်မြန်စွာဖြင့် သူ့ဘေးသို့ ရောက်လာသောခါ ထိုလူက အစွမ်းထက်သူဖြစ်ကြောင်း သူ့စိတ်ထဲမှာ သေချာသွား၏။
အတောင်ပံကျားသည် လွန်စွာလျင်မြန်သူဖြစ်သော်လည်း သက်လတ်ပိုင်းအရွယ်လူက အတောင်ပံကျားထက် အဆပေါင်းများစွာ လျင်မြန်နေသည်။
“ ငါတွေးထားသလို ဒီလူက အံ့မခန်းအစွမ်းထက်တဲ့လူပဲ ”
လင်းဖန်တွေးလိုက်၏။ ထိုလူ ဘယ်သူလဲဆိုတာကိုလည်း သူသိချင်နေသည်။
“ ဒီတောင်တန်းတွေထဲမှာ ခင်ဗျားအမြဲတမ်းနေတာလား ”
လင်းဖန်က မထိန်းချုပ်နိုင်ဘဲ မေးမြန်းလိုက်၏။
“ ဟုတ်တယ်။ ဒီနေရာမှာ ငါအမြဲတမ်းနေခဲ့တယ်။ ဘယ်လောက်ကြာနေပြီလဲဆိုတာတောင် သေချာမသိတော့ဘူး ”
သက်လတ်ပိုင်းအရွယ်လူက ခေါင်းကို တည်ငြိမ်စွာ ညိတ်ပြလိုက်ရင်း ပြောလိုက်သည်။
“ ဘာလို့ အပြင်မထွက်တာလဲ ”
လင်းဖန်က သိလိုစိတ်ပြင်းပြစွာ မေးမြန်းလိုက်၏။
“ အပြင်သွားတာလား ”
သက်လတ်ပိုင်းအရွယ်လူ၏မျက်နှာတွင် ထူးဆန်းသော အပြုံးစတစ်စ ထွက်ပေါ်လာပြီး
“ အပြင်ကို သွားချင်တယ်။ သိပ်မကြာခင်တော့ သွားမှာပါ ”
အတောင်ပံကျားသည် သက်လတ်ပိုင်းအရွယ်လူ၏ အပြုံးကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ စောစောက ခက်ထန်ကြမ်းကြုတ်စွာ ပြုမူနေခဲ့သော အတောင်ပံကျားသည် ကျိုးနွံနေ၏။
ရွှမ်အဆင့်တောရိုင်းကောင်များသည် လူသားများ၏အပြန်အလှန်ပြောစကားများကို နားလည်နိုင်သည်။ ထို့ကြောင့် အတောင်ပံကျားသည် လင်းဖန်နှင့် သက်လတ်ပိုင်းအရွယ်လူတို့ ပြောနေသည်များကို ရှင်းလင်းပြတ်သားစွာ နားလည်နေ၏။
“ ခင်ဗျားအပြင်သွားချင်တာလား ”
သက်လတ်ပိုင်းအရွယ်လူ၏စကားကို ကြားသောအခါ လင်းဖန်မျက်မှောင်ကြုတ်သွားသည်။ ကြည့်ရသည်မှာ သက်လတ်ပိုင်းအရွယ်လူသည် အပြင်ထွက်ချင်သော်လည်း တစ်စုံတစ်ခုသော အကြောင်းအရာက ဟန့်တားထားပုံပေါ်၏။ လင်းဖန်၏စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
“ တကယ်တော့ ဒီနေရာကနေ ငါထွက်သွားချင်တယ်။ ဒီကောင်လေးက ငါနဲ့အတူတူရှိနေတာတောင် ဒီမှာ နေရတာ ဘယ်လောက်ပျင်းဖို့ကောင်းလဲ မင်းသိလား …”
သက်လတ်ပိုင်းအရွယ်လူက အတောင်ပံကျားကို ပွေ့ဖက်လိုက်ရင်း ပြောလိုက်၏။ သူ၏တောရိုင်းကောင်ဆန်သော မျက်လုံးများက အနည်းငယ်နွေးထွေးသွားပြန်သည်။
ရှေးဟောင်းတောရိုင်းကောင်သည်လည်း နွေးထွေးပြီး ကြင်နာစွာဖြင့် သူ့သခင်ကိုပြန်လည်ဖက်လိုက်ရင်း မျက်လုံးများကို မှိတ်ထား၏။
ထိုလှုပ်ရှားမှုက လင်းဖန်ကို အံ့သြမှင်တက်သွားစေသည်။ စောစောက အလွန်ခက်ထန်တင်းမာနေခဲ့သော တောရိုင်းကောင်မှ ဟုတ်လေသလား။ ယခုအချိန်မှာ လွန်စွာရို့ကျိုးသည့် အိမ်မွေးတိရစ္ဆာန်ပမာ ဖြစ်နေသည်။
“ ဒါပေမယ့် အဆင်ပြေတယ်။ အခု ငါ့မှာ ဧည့်သည်တစ်ယောက်ရှိနေပြီပဲ။ မင်းက ငါထွက်သွားတဲ့အထိ ငါနဲ့အတူနေနိုင်တယ်လေ ”
သက်လတ်ပိုင်းအရွယ်လူက ခေါင်းကိုမော့လိုက်ရင်း လင်းဖန်ကို ပြုံး၍ ပြောလိုက်ရာ လင်းဖန်အံ့သြမှင်တက်သွား၏။
“ ဒီမှာနေရမှာလား ”
လင်းဖန်မှာ သက်လတ်ပိုင်းအရွယ်လူနှင့် ဤတောင်တန်းမှာ နေရန် အချိန်မရှိချေ။ သူ့မှာ လုပ်စရာများစွာ ရှိသည်။
“ ခင်ဗျားသွားချင်တယ်ဆိုရင် အခုပဲ ကျွန်တော်တို့ အတူတူသွားကြမယ်လေ ”
လင်းဖန်က ပြောလိုက်၏။ သတ်လက်ပိုင်းအရွယ်လူသည် ခေါင်းကို ခါယမ်းလိုက်သည်။ သူ၏မျက်နှာတွင် နားလည်ရခက်သည့်အပြုံးစတစ်စ ထွက်ပေါ်လာသည်။
“ အဲ့ဒါဆိုရင် ခင်ဗျားအရင် ကျုပ်ထွက်သွားလိုက်မယ် ”
လင်းဖန်က ပြောလိုက်သည်။ ထိုလူထွက်သွားမည့်အချိန်ထိ သူက မည်သည့်အတွက်ကြောင့် စောင့်နေရမည်နည်း။ အကယ်၍ ရက်အနည်းငယ်ဆိုလျှင် အဆင်ပြေသေးသော်လည်း သက်လတ်ပိုင်းအရွယ်လူက တစ်နှစ် သို့မဟုတ် ထို့ထက်ကြာနေလျှင် မည်ကဲ့သို့ သူနေနိုင်မည်နည်း။
“ မဟုတ်ဘူး။ ဒီနေရာမှာ မင်းနေရမယ် ”
သက်လတ်ပိုင်းအရွယ်လူက ခေါင်းကို ခါယမ်းရင်း ပြောလိုက်ရာ လင်းဖန်ကို မျက်မှောင်ကြုတ်သွားစေ၏။
“ ကျုပ်ကို ခြိမ်းခြောက်နေတာလား ”
လင်းဖန်က မကျေနပ်သည့်လေသံဖြင့် ပြောလိုက်သည်။
“ မိတ်ဆွေလေး။ မင်းကို ကျုပ်ခြိမ်းခြောက်နေတာ မဟုတ်ဘူး။ ဒါပေမယ့် ဒီနေရာမှာ ကျုပ်နဲ့အတူ စကားပြောခွင့်ရမယ့် လူတစ်ယောက် ရောက်လာဖို့ ကျုပ်ဘယ်လောက်တောင် စောင့်ခဲ့ရလဲ သိလား ”
သက်လတ်ပိုင်းအရွယ်လူက သူ့ကိုယ်သူ ထိန်းချုပ်ကာ ပြောလိုက်၏။ သူပြောနေသည့်အသွင်က လင်းဖန်ကို ခြိမ်းခြောက်ခြင်းမရှိသော်လည်း သူနှင့်အတူနေရန် ဖိအားပေးနေသည့်ပမာ ဖြစ်နေသည်။
“ ကျုပ်မှာလုပ်စရာတွေရှိသေးလို့ ထွက်သွားမှဖြစ်မယ်။ တကယ်လို့ နောင်တစ်ချိန်မှာ အခွင့်သာခဲ့ရင် ခင်ဗျားဆီကို လာခဲ့မယ် ”
လင်းဖန်သည် ဒေါသမထွက်စေဘဲ သူ့ကိုယ်သူထိန်းချုပ်ကာ ပြောလိုက်၏။ သက်လတ်ပိုင်းအရွယ်လူ၏အစွမ်းက မယုံကြည်နိုင်စရာကောင်းအောင်ဖြစ်နေရာ သူ့ကိ ဒေါသထွက်အောင် လုပ်လိုက်လျှင် ရလဒ်က ကောင်းလိမ့်မည် မဟုတ်ချေ။
သက်လတ်ပိုင်းအရွယ်လူသည် လင်းဖန်ကို လျစ်လျူရှုကာ ညည်းညူလိုက်ရင်း လျှောက်သွားလေ၏။
“ ထွက်ခွာသွားမှာလား။ လုံးဝမဖြစ်ရဘူး ”
သက်လတ်ပိုင်းအရွယ်လူက ခေါင်းကိုခါယမ်းကာ ပြောလိုက်ပြီး ဆက်လက်၍
“ နဂါးကိုးကောင်တော်တန်းကို ဘယ်အချိန်ထဲက ငါရောက်နေလဲ မင်းသိလား။ နှစ်တရာလား။ နှစ်တစ်ထောင်လား။ ငါကောင်းကောင်းမသိတော့ဘူး။ ဒါပေမယ့် တော်တော့်ကို ကြာနေပြီဆိုတာတော့ သေချာတယ် ”
“ နှစ်တရာ၊ နှစ်တစ်ထောင် ”
လင်းဖန်မျက်မှောင်ကြုတ်သွား၏။ နှစ်တစ်ရာဆိုလျှင် ဖြစ်နိုင်သေးသော်လည်း နှစ်ထောင်က မည်ကဲ့သို့ဖြစ်နိုင်မည်နည်း။ ရွှမ်ချီအဆင့်ကျင့်ကြံသူက နှစ်နှစ်ရာသာ နေနိုင်ပြီး တျန်ချီအဆင့်ကျင့်ကြံသူပင် နှစ်ငါးရာသာ နေနိုင်သည်။
နှစ်တစ်ထောင်…..မည်ကဲ့သို့ ကျင့်ကြံသူမျိုးက နှစ်တစ်ထောင်ထိ နေနိုင်လဲဆိုတာ လင်းဖန်မသိပေ။ အနိမ့်ဆုံး ဇွမ်ချီအဆင့်ကျင့်ကြံသူဖြစ်လိမ့်မည်။
“ တောင်တန်းတွေထဲမှာ “ သတ်မလား ဒါမှမဟုတ် အသတ်ခံမလား ” ဆိုတာအပြင် တခြားဘာမှစိတ်ဝင်စားစရာ မရှိဘူး ”
သက်လတ်ပိုင်းအရွယ်လူက လင်းဖန်၏ရေရွတ်သံကို လျစ်လျူရှုကာ ပြောဆိုလိုက်သည်။ သူ့လေသံက သူ့ကိုယ်သူ ပြောနေသည့်ပုံ ပေါ်နေ၏။
“ အပြင်ဘက်ကမ္ဘာမှာလို စစ်တုရင်ကစားတာတွေ၊ အရက်သောက်တာတွေ၊ မိန်းမပျိုလေးတွေနဲ့ ပျော်ပါးရတာတွေ မရှိဘူး။ ဒီမှာ ငါတစ်ယောက်တည်း ရှိနေတယ်။ တောရိုင်းကောင်တွေပဲရှိတဲ့နေရာမှာ နေရတာ ငါငြီးငွေ့လာပြီ။ အပြင်ဘက်ကို ငါသွားချင်တယ် ……..”
“ အပြင်ဘက်ကို သွားချင်တယ်………”
ထိုစကားလုံးများက လင်းဖန်၏နားထဲမှာ ပဲ့တင်ထပ်နေ၏။ ထိုစဉ် သက်လတ်ပိုင်းအရွယ်လူသည် သူ၏လက်ကိုဖြန့်လိုက်ရာ အတောင်ပံကျားသည် သူ့ဘေးမှ ထွက်သွားသည်။ ထို့နောက် သူသည် လက်ကိုမြှောက်လိုက်ပြီး သူ၏အထီးကျန်ဆန်မှုကို ညည်းညူလိုက်သည့်အလား အော်ပြောလိုက်၏။
တောင်တန်းတစ်ခုလုံး တုန်ခါစပြုလာသော်လည်း လျင်မြန်စွာပင် ပြန်လည်၍ တည်ငြိမ်သွားသည်။ သက်လတ်ပိုင်းအရွယ်လူသည်လည်း တည်ငြိမ်စွာ ပြန်ထိုင်လိုက်၏။
“ အပြင်ကို သွားချင်တယ်။ စကားတွေပြောပြီး စစ်တုရင်ကစားမယ့် လူတစ်ယောက်ရဖို့ဆိုတာ မလွယ်ဘူး။ ဘယ်လိုလုပ် မင်းကို ငါထွက်သွားခွင့်ပေးနိုင်မှာလဲ။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် အဖော်ပြုနေရင် ဘယ်လောက်ကောင်းလိုက်မလဲ ”
သက်လတ်ပိုင်းအရွယ်လူက တုန်ယင်အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။ သူ၏အသံက တိရစ္ဆာန်တစ်ကောင်နှင့် တူနေသည်။
ထို့နောက်သူသည် ချာခနဲလှည့်လိုက်ပြီး လင်းဖန်ကို ကြည့်လိုက်၏။ လင်းဖန်သည်လည်း သူ့ကို ကြည့်နေသည်။ လင်းဖန်မှာ သူ၏ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားတော့မည့်အလား ခံစားနေရ၏။
ယခုအချိန်မှာ သက်လတ်ပိုင်းအရွယ်လူ၏ မျက်လုံးအိမ်များက သွေးများကဲ့သို့ နီရဲနေသည်ကို သူမြင်နေရသည်။ သူ့မျက်လုံးများက သားရဲဆန်သော မီးတောက်များဖြင့် တောက်လောက်နေ၏။ မြောက်များစွာသော သွေးကြောများက အနီရောင်စင်းကြောင်းများသဖွယ် ထွက်ပေါ်လာသည်။ သူ့ကိုကြည့်ရသည်မှာ အရိုင်းဆန်နေပြီး သူ၏မျက်နှာပင် လူသားတစ်ယောက်နှင့် မတူတော့ချေ။
ဒါ……..တောရိုင်းကောင်ပဲ။
လင်းဖန်ဆွံ့အသွား၏။ ဤသက်လတ်ပိုင်းအရွယ်လူကား လူသားတစ်ယောက်မဟုတ်ဘဲ တောရိုင်းကောင်တစ်ကောင်ဖြစ်နေပေသည်။

PMG အတွဲ ( ၂ )Where stories live. Discover now