အပိုင်း ( ၂၃၄ )

1.3K 138 0
                                    

အစွမ်းထက်သော ကျင့်ကြံသူ

မိန်ချင်းက ကြမ်းပြင်ထက်သို့  ပြန်လည်ဆင်းသက်လိုက်သည်။ သူမ၏ပုံစံက ရဲတင်းနေပြီး အရာရာကို အထက်စီးမှဆက်ဆံသည့်အသွင်ဖြစ်နေပေ၏။ သူမ၏ခန္ဓာကိုယ်ပတ်လည်တွင် အေးစက်သောချီများ ဝန်းရံနေသည်။ ထိုအေးစက်သောချီများက တောက်ပသောကိုယ်ရောင်ကိုယ်ဝါများအဖြစ်သို့ ပြောင်းသွား၏။ မိန်ချင်း၏ကိုယ်ကို ရေခဲအလွှာက ဖုံးလွှမ်းထားပေရာ သူမအနီးတွင်ရှိနေသောလူများမှာ အေးခဲသွားတော့မည်ကဲ့သို့ ခံစားလာရပြီး နောက်သို့ ဆုတ်သွားကြလေသည်။ သွေးနီမြင်းတပ်သားများပင် အဝေးသို့ ဆုတ်သွားကြလေ၏။
“ သူမက အရမ်းအေးစက်လွန်းတယ် ”
လူအများစုက သူမကို ကြည့်ကာ တွေးနေမိကြသည်။ လင်းဖန်သာလျှင် ဤကဲ့သို့ အေးစက်သည့်နှလုံးသားပိုင်ရှင် မိန်ချင်းကို ခံစားချက်များပေါက်ဖွားလာအောင် ပြုမူနိုင်ပေ၏။

မိန်ချင်းက ရုပ်တုရှေ့သို့ လျှောက်သွားလိုက်ပြီး အေးစက်စက်ပြောလိုက်သည်။
“ ဒါက တားမြစ်နယ်မြေရဲ့ ဝင်ပေါက်လား?”

“ ဟုတ်တယ်…ဒါက ကျစ်အုပ်စိုးသူနယ်မြေရဲ့တားမြစ်နယ်မြေကို ဝင်တဲ့အပေါက်ပဲ ”
လူအုပ်ထဲမှ လူအချို့က ခေါင်းညိတ်ပြလျက် သူမ၏အမေးကို ပြန်လည်ဖြေကြားလိုက်သည်။ မည်သူမျှစကားကို ရဲရဲမပြောဝံ့ကြပေ။ မိန်ချင်းနှင့် သွေးနီတပ်သားများက သူတို့အား အပြစ်ပေးလာမှာကို စိုးရွံ့နေကြလေ၏။ အကယ်၍ သူတို့သာဒေါသထွက်လာခဲ့လျှင် ကျန်နေသည့်လူအုပ်စုသည်လည်း ကျစ်အုပ်စိုးသူနယ်မြေမှလူများကဲ့သို့ တူညီသောကံကြမ္မာကို ကြုံတွေ့ရနိုင်လေသည်။

မိန်ချင်းက အလွန်တရာအစွမ်းထက်လှ၏။ သူမက အဘိုးအိုကိုပင် အလွယ်တကူသတ်ဖြတ်နိုင်ခဲ့သည့်အတွက် သူတို့ဆိုလျှင် ပို၍ လွယ်ကူနေပေလိမ့်မည်။

မိန်ချင်းက တားမြစ်နယ်မြေ၏ဝင်ပေါက်ကို ကြည့်နေလေသည်။ သူမက လက်ကို အနည်းငယ်မြှောက်လိုက်၏။ အေးစက်သောချီစွမ်းအင်အချို့က သူမ၏လက်ထဲမှာ စုစည်းလာလေသည်။ ချက်ချင်းပင် သူမက ရှေ့သို့ပြေးသွားပြီး တားမြစ်နယ်မြေ၏တံခါးကို သူမလက်ဝါးဖြင့် ရိုက်လိုက်လေသည်။

“ဘုန်း! ဘုန်း! ဘုန်း!”

ကြမ်းပြင်တစ်ခုလုံးအဆက်မပြတ်တုန်ခါလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပဲ့တင်သံများ ထွက်ပေါ်လာတော့သည်။ တားမြစ်နယ်မြေ၏တံခါးက ဆက်လက်ပိတ်ထားဆဲ။ ရုပ်တုသည်လည်း လှုပ်ရှားသွားခြင်းမရှိချေ။

“ဘုန်း! ဘုန်း! ဘုန်း!”

မိန်ချင်းက တားမြစ်နယ်မြေ၏ဝင်ပေါက်ကို အဆက်မပြတ်ထုနှက်နေလေသည်။ သူမအသွင်က ယခင်အတိုင်း အေးစက်တင်းမာနေ၏။ သူမ၏မျက်နှာသွင်ပြင်က ပြောင်းလဲသွားခြင်းမရှိချေ။

ကြိမ်ဖန်များစွာ ကြိုးစားပြီးနောက် နောက်ဆုံးတွင် မိန်ချင်းက ထိုကဲ့သို့လုပ်နေခြင်းကို စွန့်လွှတ်လိုက်တော့သည်။ သူမက ချာခနဲလှည့်ကာ လူအုပ်ကြီးအား မေးလိုက်၏။
“ တံခါးကို ဘယ်လိုဖွင့်ရတာလဲ?”

“ တံခါးဖွင့်ဖို့ ကျစ်အုပ်စိုးသူနယ်မြေမှ တိုက်ရိုက်ဆင်းသက်လာသူတစ်ယောက်ရဲ့သွေးလိုအပ်တယ်။ အဲ့ဒီသွေးအချို့ကို ရုပ်တုရဲ့အပေါက်ထဲထားပေးလိုက်ရင် ပွင့်သွားပါလိမ့်မယ်။ ဒါပေမယ့် အခုကျစ်အုပ်စိုးသူနယ်မြေက လူတွေဟာ ……”
လူအုပ်ထဲမှ လူတစ်ယောက်က ပြောလိုက်၏။ ချက်ချင်းပင် ထိုလူက ကြမ်းပြင်မှာလဲကျနေသောအလောင်းများကို ကြည့်လိုက်သည်။ သူ့အကြည့်က စကားဆက်မပြောတော့သော်လည်း ကျစ်အုပ်စိုးသူနယ်မြေမှ လူများအားလုံးအသတ်ခံလိုက်ရပြီဖြစ်သည့်အတွက် အသက်ရှင်ကျန်ရစ်သူတစ်ယောက်မှမရှိတော့ ဟူသည့် အဓိပ္ပာယ်ကို ဆောင်နေ၏။

“ သွေး ”

မိန်ချင်း၏ပုံစံက အတွေးနက်သွားသည့်ပုံပေါ်၏။ သူမက အဘိုးအို၏အလောင်းကို ကြည့်လိုက်ပြီး သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ရေခဲများက အဘိုးအိုကို ထိုးဖောက်သွားပြီး သွေးခဲများထွက်လာလေသည်။

PMG အတွဲ ( ၂ )Onde histórias criam vida. Descubra agora