သေမင်းနတ်ဘုရား
လင်းဖန်က လူများစွာ ဝိုင်းရံထားသည့်ကြားမှ မိုးရေစက်တွေထဲမှာ တည်ငြိမ်စွာ ရပ်နေ၏။
အမှောင်အဖွဲ့အစည်းတစ်ခုမှ ရွှမ်ချီအဆင့်ကျင့်ကြံသူနှစ်ယောက်ရှိနေသည်။ ထိုလူများသည် ယွီကျီနှင့် အင်ပါယာအစောင့်အရှောက်တပ်သားများကိုပင် လေးစားခြင်းမရှိချေ။ အံ့မခန်းအရှိန်အဝါကြီးမားသော လူတစ်ယောက်က လင်းဖန်ကိုသတ်ချင်နေသည့်အတွက် သူတို့ကို အမိန့်ပေးခဲ့ပုံရ၏။
လင်းဖန်က အခြေအနေကို သုံးသပ်လိုက်သည်။ ယွီမျိုးနွယ်စုနှင့် ယွဲ့မျိုးနွယ်စုအပြင် ဒူဂူမျိုးနွယ်စုသည်လည်း သူ့ကို သတ်ချင်နေခဲ့၏။
အမှန်တကယ်တော့ သူတို့အားလုံးက သွမ့်တျန်းလန်၏လူများလည်း ဖြစ်နိုင်သည်။
“ မင်းတို့ကို ဘယ်သူအမိန့်ပေးခဲ့တာလဲ ”
ယွီကျီက အေးစက်စက်လေသံဖြင့် ပြောကြားလိုကု၏။ ထိုလူများသည် လင်းဖန်၏အသက်ကို နှုတ်ယူနိုင်စွမ်းရှိနေသည့်အလား အလွန်တရာ ခက်ထန်မောက်မာလှသည်။
ယွီကျီသည် သူတို့ပြန်ပြောတာကို စောင့်မနေတော့ဘဲ ပြောလိုက်၏။
“ယွီမျိုးနွယ်စုက အမှောင်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ ငါကြားတယ်။ မင်းတို့ကို ယွီမျိုးနွယ်စုက လွှတ်လိုက်တာဖြစ်ရမယ် ”
“ မင်းကရော…ဘာလို့ဒီနေရာကို ရောက်နေတာလဲ ”
ယွီကျီက ဒူပီကို မေးလိုက်၏။ ဒူပိသည် ကျင့်ကြံနေသည်ဟု သတင်းရထားခဲ့သည့်အတွက် ဤနေရာသို့ ယခုရောက်ရှိနေရခြင်းကို ယွီကျီအံ့အားသင့်နေသည်။
“ ကျုပ်ရဲ့ရည်ရွယ်ချက်က ရှင်းပါတယ်။ သူသာ ကျုပ်နဲ့နှစ်ယောက်တည်းတိုက်ခွင့်ပြုရင် ကျုပ်ထွက်သွားပေးမယ် ”
ဒူပိက မထူးခြားသည့်လေသံဖြင့် ပြောဆိုလိုက်ရာ လူအုပ်ကြီးကို အံ့သြမှင်တက်သွားစေ၏။ ဤနေရာသို့ ဒူပိရောက်လာခဲ့ခြင်းမှာ လင်းဖန်ဘယ်လောက်အစွမ်းထက်လဲဆိုတာ သိချင်နေသည့်အတွက်ကြောင့် ဖြစ်နေသည်။ သူက လင်းဖန်နှင့် နှစ်ယောက်တည်း တိုက်ခိုက်ချင်နေ၏။
ယွီကျီသည် လင်းဖန်ကို ကြည့်လိုက်ရာ လင်းဖန်သည် တစ်စုံတစ်ခုကို သတိထားမိသွားဟန်ဖြင့် ဒူပိအား ကြည့်နေသည်ကို တွေ့မြင်လိုက်ရသည်။ လင်းဖန်က ခေါင်းကို အနည်းငယ်ညိတ်ပြလိုက်ရင်း ပြောလိုက်၏။
“ ကောင်းပြီ။ မင်းစပါ ”
လူအုပ်ကြီးမှာ အတော်လေးအံ့အားသင့်သွားရသည်။ လင်းဖန်ကား အံ့အားသင့်စရာကောင်းအောင် ဒူပိ၏တောင်းဆိုချက်ကို လက်ခံနေ၏။
