သန့်စင်သောချီ ကင်းမဲ့ခြင်း
မြင်းသုံးကောင်ဆွဲထားသည့် မြင်းလှည်းတစ်စီးက လမ်းဟောင်းအတိုင်း မောင်းနှင်လာ၏။ မြင်းလှည်း၏နောက်တွင် လူများက မြင်းများကို စီးလျက်အစောင့်အရှောက်များပမာ လိုက်ပါလာသည်။
“ ဟိုး……”
မြင်းလှည်းမောင်းသည့်လူက မြင်းဇက်ကြိုးများကိုဆွဲကာ ရပ်တန့်လိုက်၏။
ထို့နောက် ဘယ်ဘက်နှင့် ညာဘက်တွင်ရှိနေသောလူများက ရှေ့သို့ဆက်လက်စီးလာသည်။ မြေပြင်ပေါ်တွင် လူတစ်ယောက်လဲလျောင်းနေ၏။ ထိုလူက တပ်သားတစ်ယောက်၏ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည်။
“ ဖူပေါ်..သူ့နှလုံးခုန်နှုန်းက သာမန်ပဲ။ အားလုံးကောင်းတယ်။ သူဟာအသက်ရှင်နေသေးပေမယ့် သတိတော့လစ်နေတယ် ”
မြင်းလှည်းမောင်းသူက လဲကျနေသောလူငယ်ကိုစစ်ဆေးကာ ပြောလိုက်၏။
“ သူ့ကို လမ်းဘေးဖယ်ထားလိုက်။ ငါတို့မြန်မြန်ခရီးဆက်ရဦးမယ် ”
မြင်းလှည်းမောင်းသူက မထူးခြားသည့်အသံဖြင့် ပြောလိုက်သည်။ ထိုစဉ်မှာ မြင်းလှည်း၏လိုက်ကာစက ပွင့်သွားပြီး ဖြူဝင်းသည့်လက်ကလေးတစ်ဖက်ထွက်လာပြီး နူးညံ့ပျော့ပျောင်းသည့် မျက်နှာလေးပေါ်လာ၏။ ထိုသူမှာ လှပချောမောသော မိန်းကလေးတစ်ယောက်ဖြစ်ပြီး အလွန်ငယ်ရွယ်သေးသည်။ သူမ၏မျက်လုံးများတွင် အရောင်များလက်သွား၏။
“ ဖူပေါ် တပ်သားတစ်ယောက်က ဘယ်လိုလုပ် လမ်းပေါ်မှာလဲကျနေရတာလဲ ”
အမျိုးသမီးငယ်က ကြည်လင်သည့်အသံဖြင့် မေးလိုက်သည်။ ဖူပေါ်က ခေါင်းကိုခါယမ်းလိုက်ပြီး ပြန်လည်ဖြေကြားလိုက်၏။“ ကျွန်တော်သေချာမသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့မိုယွဲ့နိုင်ငံက သာမန်တပ်သားတွေဟာ အစွမ်းမြင့်မားခြင်းမရှိဘူး။ တပ်မှူးလေးအဆင့်နဲ့ သူ့အထက်မှာရှိတဲ့အဆင့်တွေကလွဲရင် တခြားလူတွေကို စစ်မြေပြင်မှာ အစွမ်းထက်မြက်မှု့မရှိတဲ့လူတွေလို့ မှတ်ယူကြတယ်။ ဒီလူက အင်မတန်အစွမ်းနိမ့်ကျတဲ့အတွက်ကြောင့်သာ လမ်းပေါ်ကို စွန့်ပစ်ခြင်းခံလိုက်ရတာ ဖြစ်မယ် ”
“ အင်း ”
မိန်းကလေးက ခေါင်းအနည်းငယ်ညိတ်ပြလိုက်၏။ သူမ၏မျက်လုံးလေးများထဲမှာ အလင်းရောင်တစ်ချက်လက်သွားပြီး ပြောလိုက်သည်။
“ သူ့ကို ငါတို့မြင်းလှည်းထဲ ထားလိုက်ပါ ”
“ သခင်မလေး..ဒါက မသင့်တော်ပါဘူး ”
ဖူပေါ်က အံ့အားတသင့် ပြောဆိုလိုက်၏။
“ ကိစ္စမရှိဘူး..ဖူပေါ် ”
မိန်းကလေးက သူ့ကိုလျစ်လျူရှုကာ ပြုံး၍ပြောလိုက်သည်။ ထို့နောက် သူမက တပ်သား၏ဘေးမှာရပ်နေသောလူကို ဆက်လက်ပြောကြားလိုက်၏။
“ သူ့ကို မပြီးတော့ မြင်းလှည်းထဲထားပေးပါ ”
ထိုအစောင့်အရှောက်များက ဖူပေါ်ကို တစ်ချက်ကြည့်လိုက်သည်။ သို့ရာတွင် ဖူပေါ်အနေဖြင့် ခေါင်းညိတ်ရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ သို့ဖြစ်ရာ အစောင့်အရှောက်များသည် သတိလစ်နေသော တပ်သားကို မ,ကာ မြင်းလှည်းထဲသို့ ထည့်ပေးလိုက်၏။
များမကြာမီ မြင်းလှည်းသည့် တရွေ့ရွေ့ဖြင့် စတင်ထွက်ခွာလာသည်။ မြင်းလှည်းအတွင်းမှာ နူးညံ့သောမိန်းမပျိုတစ်ယောက်နှင့် ဆယ်နှစ်ခန့်ရှိသည့် လှပသော မိန်းကလေးတစ်ယောက်တို့ရှိလေ၏။
“ ကျစ်လင်း…ဘာလို့ သူစိမ်းကို မြင်းလှည်းထဲခေါ်လာရတာလဲ ”
မိန်းမပျိုက မေးလိုက်သည်။ သူမက မြင်းလှည်းအတွင်းမှာ လဲလျောင်းနေသော တပ်သားကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်၏။ သူမပုံစံက ထိန်းချုပ်၍ မရအောင်ပင် မျက်မှောင်ကြုတ်နေသည်။
“ ကျစ်ယီ..မမကြီး..ကြည့်ပါဦး။ သူ့ပုံစံက ငယ်လွန်းတယ်။ ဘယ်အရွယ်လောက်ဖြစ်မလဲခန့်မှန်းနိုင်လား ”
လှပသော မိန်းကလေးက မိန်းမပျို၏မေးခွန်းကို ဖြေကြားခြင်းမပြုဘဲ ပြောလိုက်၏။ သူမပုံစံက သိချင်စိတ်ပြင်းပြနေပုံလည်း ပေါ်သည်။
ကျစ်လင်းက ကျစ်ယီကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို ခါယမ်းလိုက်၏။ ထို့နောက် လဲလျောင်းနေသော လူငယ်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။ ရုတ်တရက် သူမအသွင်က ခေါင်းရှုပ်သွားပုံလည်း ပေါ်၏။
“ ဘယ်လောက်တောင်နူးညံ့ပြီး ချောမောခန့်ညားလိုက်တဲ့ လူငယ်လဲ ”
ကျစ်ယီက သက်ပြင်းတစ်ချက်ချလိုက်ရင်း တွေးလိုက်မိသည်။ လူငယ်က သတိမေ့နေသော်လည်း သူ့မျက်နှာက နူးညံ့ချောမွေ့နေသည်။ သူ၏မျက်ခုံးမွှေးလေးများကလည်း ဖြောင့်တန်းနေပြီး သူ့ပါးနှစ်ဖက်က အလွန်တရာ နူးညံ့လှပေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လမ်းပေါ်မှ ဖုန်မှုန့်များက ကပ်ညိနေလေ၏။