#Zawgyi
မင်းသမီးနှင့် စစ်တုရင်ကစားခြင်း
လင်းဖန်က တံခါးမကြီးရှိရာသို့ လျှောက်သွားလိုက်ရာ အပြင်ဘက်မှာစောင့်နေသော နန်းရှန်အား တွေ့မြင်သွား၏။ လင်းဖန်ရောက်လာတာကို သူမြင်သောအခါ သူ့မျက်နှာတွင် လေးနက်တည်ကြည်သော အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူက ကြိုးစား၍ ပြုံးလိုက်ရင်း
“ မင်းသားလေးက သခင်လေးကို တွေ့ချင်နေတယ် ”ဟု ပြောလိုက်ရာ
“ ဒုတိယ မင်းသားက ကျုပ်ကို တွေ့ချင်တယ်ဆိုတော့ ဘာအကြောင်းကိစ္စရှိလို့လဲ ”
လင်းဖန်မှာ တအံ့တသြဖြစ်လျက် မေးမြန်းလိုက်၏။ ကောင်းကင်အဏ္ဏဝါမြို့မှာ သွမ့်ဝူရကို သူနောက်ဆုံးအကြိမ်တွေ့ရခြင်းပင်။ ထိုနေ့က သွမ့်ဝူရသည် အနက်ရောင်ကို ဝတ်ဆင်ထားပြီး သူနှင့်အတူ ရွှမ်ချီအဆင့်ကျင့်ကြံသူရှစ်ယောက်ကို ခေါ်လာခဲ့သည်။ သူက အလွန်တရာ အစွမ်းထက်မြက်သူဖြစ်ပြီး ဝိညာဉ်နတ်ဆိုးဘုရင်ကို သတ်ဖြတ်ကာ ကောင်းကင်နဂါးကိုးကောင် ဆေးအမြုတေအိုးအား ရယူခဲ့၏။
သို့ရာတွင် ထူးဆန်းစွာပင် ကောင်းကင်နဂါးကိုးကောင် ဆေးအမြုတေအိုးက လင်းဖန်၏ရှေ့မှာ ထွက်ပေါ်လာခဲ့သည်။ အံ့မခန်းအစွမ်းထက်သော ဓားပညာရှင်တစ်ယောက်က လင်းဖန်ကို ဒဏ္ဍာရီလာ ဆေးအမြုတေအိုး လာရောက်ပေးခဲ့ခြင်းဖြစ်ပုံရသည်။
သွမ့်ဝူရသည် အစက လင်းဖန်ထံမှ ဆေးအမြုတေအိုး ကို ရယူခဲ့ရာ ထိုဆေးအမြုတေအိုးကို တခြားသူအား အကြောင်းမဲ့ မပေးလောက်ပေ။ တစ်စုံတစ်ယောက်က သူ့ကို ဖိအားပေးခြင်းကြောင့်သာ ဆုံးရှုံးခဲ့ခြင်းဖြစ်မည်။
သို့ရာတွင် လင်းဖန်နားမလည်သည်မှာ သွမ့်ဝူရထံမှ ဆေးအမြုတေအိုးကို ရယူသွားသူက မည်သည့်အတွက်ကြောင့် သူ့ကို လာပေးရသလဲဆိုတာကိုပင်။
ထို့ပြင် သွမ့်ဝူရက သူ့ကို ရှာခိုင်းခြင်းမှာ ဆေးအမြုတေအိုးကြောင့်လော။ သူ့ဆီမှာ ဆေးအမြုအိုးရှိတာ သွမ့်ဝူရက သိချင်နေတာလား။
“ သခင်လေးလင်း…မင်းသားလေးရဲ့ ပုဂ္ဂိုလ်ရေးရာ ကိစ္စတွေကို ကျုပ်လည်း မသိပါဘူး ” ဟု နန်းရှန်းက ခေါင်းကို ခါယမ်းလိုက်ရင်း အားလျော့စွာပြုံးပြကာ ပြောလိုက်သည်။
