ကြောက်မက်ဖွယ်ကောင်းသော လင်းဖန်
အသက်ရှူကြပ်ခြင်း….
ဝမ်ရိန်ရန်၏အလောင်းကို ကြည့်ကာ လူအုပ်ကြီးမှာ အသက်မရှူနိုင်ဖြစ်နေသည်။
ဝမ်ရိန်ရန်ကား သူ၏မင်္ဂလာပွဲနေ့ရက်မှာ လင်းဖန်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
လင်းဖန်သည် မောက်မာကာ သီးခြားဖြစ်နေ၏။ စင်မြင့်အောက်ရှိလူအုပ်ကြီးမှာ သူ့ကိုကြည့်ကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တိတ်တဆိတ် အသက်ရှူနေ၏။ မြို့ကိုမီးလောင်တိုက်သွင်းခဲ့ပြီး တစ်ဖက်နိုင်ငံသို့သွားကာ မင်းသမီးအား ကယ်တင်ခဲ့သည့် လင်းဖန်၏အကြောင်းများကို သူတို့ကြားသိခဲ့ရသည်။ ယခုအချိန်မှာ လင်းဖန်ဘယ်လောက်ရဲတင်းပြီး သတ္တိရှိလဲဆိုတာ သူတို့မျက်မြင်ကိုယ်တွေ့ကြုံနေရ၏။ သူတို့၏နှလုံးသားများနှင့် ခံစားချက်များကို ဓားထက်ထက်ဖြင့် နှိုးဆွနေသည့်ပမာ ခံစားနေရသည်။
လင်းဖန်ကဲ့သို့ ရဲတင်းလွန်းသောလူကား ရှားလွန်း၏။ သူက အလွန်သတ္တိရှိသည်။ သူလုပ်ခဲ့သမျှအရာအားလုံးက သူ့ကို အလွန်တရာ ခက်ထန်တင်းမာသူတစ်ယောက်အဖြစ် မြင်သွားစေသည်။
ဝမ်ရိန်ရန်က ယွမ်ဟိုင်ကျောင်းတော်၏ အထူးချွန်ဆုံးကျောင်းသားတစ်ယောက်ဖြစ်ပြီး အနာဂတ်ခေါင်းဆောင်ဟု ထုတ်ဖော်ပြောကြားခဲ့ခြင်းအပေါ် လင်းဖန်က ရိုးရှင်းစွာပင် လက်စွပ်ကိုထုတ်ပြကာ ခေါင်းဆောင်ဖြစ်ကြောင်း သက်သေပြခဲ့ပြီး သူ့ကို သတ်ခဲ့၏။ လင်းဖန်က ယွမ်ဟိုင်ကျောင်းတော်၏ ခေါင်းဆောင်ဖြစ်သည့်အတွက် ဝမ်ရိန်ရန်၏အလိမ်အညာများအတွက် အပြစ်ပေးထိုက်ပေသည်။
အကယ်၍ ဝမ်ရိန်ရန်သာ ယွမ်ဟိုင်ကျောင်းတော်၏ အထူးချွန်ဆုံး ကျောင်းသားတစ်ယောက်ဆိုလျှင် ဘာကြောင့် တစ်ချက်တည်းဖြင့် အသတ်ခံခဲ့ရတာလဲ။အကယ်၍ သူက ကြင်နာတတ်သူတစ်ယောက်ဖြစ်ပြီး ခေါင်းဆောင်သစ်တစ်ယောက်ဖြစ်ခဲ့လျှင် ယွမ်ဟိုင်ကျောင်းကို ဘာကြောင့် သစ္စာဖောက်ရတာလဲ။ ခေါင်းဆောင်၏လက်စွပ်က ဘာကြောင့် လင်းဖန်၏လက်ချောင်းပေါ်မှာ ရှိနေရတာလဲ။