ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(9)
Chapter-106
“ဟူးးး...ငါက ယီယွမ်ကို ဘာပြောရမှန်းကို မသိတော့ဘူး...အခြားသူတွေက ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို စိန်ခေါ်ရင် စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ကြောက်ရွံ့နေကြတယ်...ဒါပေမဲ့ သူက ဒီလို အင်အားမစိုက်ထုတ်လိုက်ရဘဲ ကျော်ဖြတ်သွားနိုင်ခဲ့တာ...အဲဒီမှာ သူ့ကို အခက်တွေ့အောင် လုပ်နိုင်တဲ့ အရာမရှိတော့ဘူးလား…..”
လျှိုဘူးရီက တောင်ပေါ်မှ လျှောက်လမ်းတစ်ဝက်ရောက်နေပြီဖြစ်သော ယီယွမ်ကို ကြည့်နေခဲ့ပြီး လုံးဝပင် အံ့အားသင့်နေခဲ့သည်။
ဤရက်အနည်းငယ်အတွင်း ယီယွမ်က သူ့အား ထိတ်လန့်တုန်လှုပ်စရာများ အများအပြား ပေးစွမ်းခဲ့၏။
သူ့ထက်အဆင့်မြင့်သော ဖိန်ချင်းပေါင်ကို ရင်ဆိုင်တိုက်ခိုက်ပြီး သတ်ခဲ့ခြင်း။တစ်လအတွင်း အဆင့်ငါးဆင့် တက်ရောက်နိုင်ခဲ့ခြင်း။အဆင့်(4)ချီစွမ်းအင်အဆင့် နှင့် မှော်ဆေးပညာရှင်မာစတာတစ်ယောက် ဖြစ်လာခြင်း။လင်ထန်းချန်ကို သတ်ဖြတ်ရန် အဓိကနယ်ပယ် တစ်ခုကို ကျော်ဖြတ်အနိုင်ယူပြခဲ့ခြင်း။ ထိုကိစ္စများမှ တစ်ခုချင်းစီကပင် သီးခြားလုပ်ဆောင်ရမည်ဆိုလျှင် လုံးဝမဖြစ်နိုင်သော ကိစ္စများ ဖြစ်ကြသည်။
သို့သော် ယီယွမ်က ထိုကိစ္စအားလုံးကို တစ်ဦးတည်း လုပ်ဆောင်ခဲ့၏။
ယခု ယီယွမ်က ချီစွမ်းအင်နယ်ပယ်များ ကျော်ဖြတ်နိုင်ခြင်း လုံးဝမရှိခဲ့သည့် ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို ဖြတ်ကျော်နေခဲ့၏။ ဤအရာက စိတ်ကူး၍ မရနိုင်သော အရာပင် ဖြစ်ပေသည်။
သူက ထိုအရာကို ရှင်းရှင်းလင်းလင်း မသိသော်လည်း ပထမခြေလှမ်း ၃၃၃ လှမ်း မှ သူ၏ မြန်နှုန်းကို ကြည့်၍ ဂျီးနီးယပ်ကျောင်းသားများကို အသာစီးရနေကြောင်း အထင်းသား သိမြင်နိုင်၏။
“ဟုတ်တယ်...သူ မလုပ်နိုင်တဲ့ အရာ မရှိသလို မလုပ်ရဲတဲ့ အရာလည်း မရှိဘူး...သူနဲ့ ယှဉ်လိုက်ရင် ငါတို့အားလုံးက ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတဲ့ ဂျီးနီးယပ်တွေပဲ...ရယ်စရာကောင်းလိုက်တာ…..” လောင်ထန်၏ မျက်နှာပေါ်တွင် ကြီးမားသော တုန်လှုပ်မှု အထင်းသားပေါ်လွင်နေသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...