ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဥျ(15)
Chapter-175
ဆေးလုံးကုန်သည်၏ ထိုမျှ ယုံကြည်မှုပြည့်ဝနေသည်ကို မြင်သော် အေးတိအေးစက်မျက်နှာဖြင့် မိစ္ဆာသားရဲမုဆိုး၏ နှလုံးသားက စတင်တုံ့ဆိုင်းလာခဲ့သည်။
သူကအမှန်တကယ်ပင် အခြားသူတစ်ဦးတစ်ယောက်၏ ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ခြင်းပေလော…..
ထိုပုဂ္ဂိုလ်က သူ့အား သင်းရနံ့ဆေးဂေဟာသခင်ယီထံမှ ကြီးမားသောကြင်နာမှုကို ရရှိလိမ့်မည်ဟု ပြောဆိုခြင်းခံခဲ့ရ၍ သူကဒီကိစ္စကို လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။ သူကထိုပုဂ္ဂိုလ်၏ အလွယ်တကူလှည့်စားခြင်းကို ခံလိုက်ရသည်လော။
ဆေးလုံးကုန်သည်ကထိုသို့ပြောဆိုနေရင်း စောစောက သူ၏ဆေးလုံးများကို ဝယ်ယူသွားခဲ့သည့် သိုင်းပညာရှင်တစ်ယောက်၏ ရှေ့၌ရပ်တန့်၍ ဆေးလုံးကိုစမ်းသပ်ရန် ဖိတ်ခေါ်ခဲ့ပေ၏။ သူကထိုသို့စမ်းသပ်လိုက်လျှင် ဆေးလုံးကုန်သည်က နောက်ထပ်အဆင့်(2)ချီစွမ်းအင်ပြန်လည်ကုစားဆေးလုံးငါးလုံးကိုပင် ပေးအပ်မည်ဟု ကတိပေးလိုက်ပေသည်။
ထိုသိုင်းပညာရှင်က မူလတွင် အတော်ကလေးတွေဝေနေခဲ့သော်လည်း အလွန်ဆုံးမှ ဆေးစွမ်းအင်မလုံလောက်မှုက သူ့အပေါ်တွင် ကြီးကြီးမားမား သက်ရောက်မည် မဟုတ်ကြောင်း စဉ်းစားခဲ့မိ၍ သူ၏ခေါင်းကိုညိတ်ကာ သဘောတူလိုက်၏။
ဆေးဝါးကုန်သည်က လက်ခုပ်တီး၍ လူအားလုံးကို ကြော်ငြာလိုက်ပေသည်။ “လူတိုင်းက ဒါကိုမြင်ကြပါတယ်နော်… ဒီညီအစ်ကိုက ကျွန်တော့်ရဲ့ဆေးလုံးတွေကို ဝယ်ယူဖို့ ပယ်ချခဲ့တယ်… အဲဒါက ကိစ္စမရှိသေးဘူး… ဒါပေမဲ့ သူကအခု ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာခဲ့ပြီ… ကျွန်တော်က ဒါကို နားထိုင်းနေတဲ့သူတစ်ယောက်လို သည်းခံနေလို့မရတော့ဘူး… ကျွန်တော့်ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြတဲ့အနေနဲ့ ကျွန်တော်က ဒီညီအစ်ကိုကို အကူအညီတောင်းပြီး ဆေးလုံးတွေကို စမ်းသပ်ခိုင်းထားတယ်… ပြဿနာတစ်ခုခုမရှိပါဘူးနော်… ဟုတ်တယ်မလား…..”
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...