Chapter 123

2.7K 330 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(11)

Chapter-123

“ငါ မသွားဘူး...တကယ်လို့ ငါမင်းနဲ့အတူလိုက်ခဲ့ရင် ငါက ပြန်လာနိုင်ပါတော့မလား…..” လျူယူရှီက ချက်ချင်း ငြင်းပယ်လိုက်၏။

ဤအခြေအနေတွင် သူမက မည်သည့်နည်းဖြင့်မှ ယီယွမ်နှင့်အတူ လိုက်မသွားနိုင်ပေ။

ယီယွမ်ပြောသည်က မှန်သည် ဖြစ်စေ မှားသည်ဖြစ်စေ လျူယူရှီက ထိုကမ်းလှမ်းချက်ကို လက်ခံရဲခြင်းမရှိပေ။

အကယ်၍ ယီယွမ် ပြောသည်သာ အမှန်ဖြစ်ပါက ထိုဖြစ်ရပ်တွင် သူမ၏ အကြံအစည်ပါဝင်နေကြောင်း သိရှိသွားခဲ့ပါက သူမ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ယီယွမ်ပြောသည်က မှားယွင်းနေပါက သူမကို သူက အဝေးသို့ နှင်ထုတ်လိုက်မည် ဆိုလျှင်ကော မည်သို့ တတ်နိုင်မည်နည်း။ သူမအတွက် ရလဒ်ကောင်းက မည်ကဲ့သို့ ထွက်လာနိုင်မည်နည်း။

ထိုအချိန်၌ ယီယွမ်က လျူယူရှီ ကို လျစ်လျူရှုထားခဲ့၏ ။ သူမလိုက်သည်ဖြစ်စေ မလိုက်သည်ဖြစ်စေ ထိုအရာက သူမအပေါ် မူတည်ခြင်း မရှိပေ။

“ခင်ဗျားကော ဘယ်လိုထင်လဲ...ဂိုဏ်းတူအစ်ကိုကြီးစူး…..” ယီယွမ်က စူးရီရှန်းကို ကြည့်၍ မေးမြန်းလိုက်သည်။

ရည်ရွယ်ချက်က လုံးဝရှင်းလင်းပေ၏။ အကယ်၍ သူက သဘောတူခဲ့ပါက အရာအားလုံး အေးအေးဆေးဆေး ပြီးသွားမည်ဖြစ်သော်လည်း သူက သဘောမတူခဲ့ပါက တိုက်ခိုက်ကြမည် ဖြစ်ပေသည်။

စူးရီရှန်းက သဘောမတူနိုင်ပေ။ ဤနေရာတွင် စောင့်ကြည့်နေကြသော လူအများအပြား ရှိနေကြ၏။

“ယီယွမ်...မင်း အရမ်းလွန်မလာနဲ့...မင်းကိုယ်မင်း စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ အကြီးအကဲ ထင်နေတာလား...မင်းက မင်းနဲ့အတူ လိုက်လာစေချင်ရုံနဲ့ သူတို့က လိုက်လာပါ့မလား…..” စူးရီရှန်းက အသံတိုးတိုးဖြင့် ပြောဆိုလိုက်သည်။

“ငါက တကယ်ပဲ စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ အကြီးအကဲ မဟုတ်လို့ပေါ့ကွာ...ငါကသာ စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ အကြီးအကဲ တစ်ယောက်သာဆိုရင် ဘယ်သူ့ကိုပဲဖြစ်ဖြစ် ငါက သေဒဏ်ပေးလိုက်မှာပဲ…..” ယီယွမ်က အပြုံးတုလေးတစ်ခုဖြင့် ပြောခဲ့၏။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now