ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၁၆ )
Chapter-188
“အဖြေမှန်တယ်… ဒါပေမဲ့ ဆုကတော့ရမှာမဟုတ်ဘူး…..”
ကျီးကန်းနက်အဖိုးကြီး၏ မျက်နှာကအကြီးအကျယ် ပျက်ယွင်းသွားခဲ့သည်။ ယီယွမ်၏စွမ်းအားများမှာ သူမျှော်မှန်းထားသည်ထက် အများကြီး ပိုနေခဲ့ပြီဖြစ်၏။ ထွက်ပေါ်လာသော ပညာရပ်အားလုံးက အဆုံးမရှိသော စမ်းချောင်းအတွင်းမှ ထွက်ပေါ်လာခဲ့သလို ဖြစ်နေခဲ့သည်။ ထိုအရာကို ခုခံကာကွယ်တားဆီးရန်မှာ လုံးဝမဖြစ်နိုင်ပေ။
စောစောကလေးကပင် သူ၏အာရုံခံနိုင်စွမ်းအတွက်ကြောင့် မဟုတ်ခဲ့ပါက ယီယွမ်ဆီမှထွက်ပေါ်လာသော ဤဓားချက်က သူ၏ခန္ဓာကိုယ်ကို နှစ်ခြမ်းခွဲစိတ်ပြီးသား ဖြစ်သွားပေလိမ့်မည်။
သူ၏လက်ရှိဒဏ်ရာများမှာ အလွန်အမင်း ပြင်းထန်နေခဲ့ပြီးဖြစ်၏။ အကယ်၍ နောက်ထပ် ဒဏ်ရာများထပ်မံရရှိခဲ့လျှင် သူကယနေ့တွင် ဤနေရာ၌ သေဆုံးသွားရပေတော့မည်။
“မင်းကတကယ်ကိုပဲ ကိုယ်ပွားခန္ဓာကိုယ်တစ်ခု တည်ဆောက်နိုင်ခဲ့ပြီကိုး… ကြည့်ရတာ ဒီတစ်ကြိမ်ထွက်ပေါ်လာတဲ့ တန်ဖိုးဖြတ်မရတဲ့ရတနာနဲ့ ဆက်စပ်နေလိမ့်မယ်ထင်တယ်… အဲဒီရတနာက ဘာလဲ…..” ကျီးကန်းနက်အဖိုးကြီး၏ နှလုံးသားက ဆတ်ခနဲတုန်လှုပ်သွားခဲ့ပြီး သူ၏ပါးစပ်ကိုဟ၍ မေးမြန်းလိုက်သည်။
“သိချင်တာလား… အဲဒီဆန္ဒက ကျုပ်ရဲ့ပါးစပ်ပွင့်လာအောင် လုပ်ဆောင်နိုင်တယ် မလုပ်နိုင်ဘူးဆိုတဲ့အပေါ်မှာ မူတည်နေတယ်…..” ယီယွမ်ကအေးစက်စွာဖြင့် လှောင်ပြောင်ပြောဆိုခဲ့၏။
ကျီးကန်းနက်အဖိုးကြီးကလည်း အတွေ့အကြုံဗဟုသုတ ကြွယ်ဝသောလူတစ်ဦးဖြစ်၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ယီယွမ်၏နည်းလမ်းများက သန့်စင်သောစန္ဒကူးမီးလျှံကြာပန်းနှင့် ဆက်စပ်နေကြောင်း တိတိကျကျ ခန့်မှန်းနိုင်ခဲ့သည်။
သို့ရာတွင် ယီယွမ်က သူ့ကိုထိုသံသယများ ဖြေရှင်းသွားစေနိုင်အောင် ကူညီပေးခဲ့ခြင်းမရှိပေ။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...