ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(11)
Chapter-124
ယီယွမ်က ဘေးမှ အကူအညီပေးရသည့် နေရာတွင် နေရသည်ကို မကျေနပ်ခြင်းလုံးဝမရှိပေ။
သူက စူးရီရှန်း၏ ပြိုင်ဘက်မဟုတ်ကြောင်း သိနေ၍ ဝူလျှိုချန် ကို တိုက်ပွဲတွင်းသို့ ဆွဲခေါ်ခဲ့ခြင်း ဖြစ်သည်။
စူးရီရှန်း နှင့် ဝူလျှိုချန် တို့က သူတို့၏ တိုက်ပွဲ ကိုသာ စိတ်ဝင်စားနေခဲ့ကြ၏။ သူက တစ်ခါတစ်ရံမှသာ ပါဝင်တိုက်ခိုက်သော်လည်း ထိုတိုက်ခိုက်မှုက စူးရီရှန်း ကို ချက်ချင်းပျာယာခတ်သွားစေ၏။
ဤအရာကပင် စူးရီရှန်းကို သွေးအန်ရလောက်အောင်ပင် စိတ်ဓာတ်ကျသွားစေသည်။
စူးရီရှန်းက ဝူလျှိုချန် ကို အနည်းငယ်စိုးရိမ်နေသော်လည်း သူ၏ သိုင်းပညာလမ်းစဉ် အဆင့်တစ်ဆယ် အဆင့်အတန်းမှာ သူ့ဦးလေး စူးယူဘိုင်ကြောင့် ရရှိလာခြင်းမဟုတ်ပေ။ သူ၏ ခွန်အားက အမှန်တကယ် မြင့်မားနေ၍ပင် ရရှိခဲ့ခြင်း ဖြစ်၏။
ဝူလျှိုချန် နှင့် တိုက်ခိုက်ယှဉ်ပြိုင်ရာတွင် သူက တိုက်ကွက်တစ်ရာအတွင်း အနိုင်ရမည်ဟု စူးရီရှန်းက ယုံကြည်ပေသည်။
သို့သော် ယီယွမ်က ဘေးမှ ဒုက္ခပေးနေခဲ့ရာ ထိုအရာက သူ့ကို အလွန်အမင်း ဖိအားဖြစ်နေစေခြင်း ဖြစ်၏။
ယီယွမ်၏ တိုက်ခိုက်မှုက သူ့အတွက် အနှောင့်အယှက်သိပ်မဖြစ်သော်လည်း ယီယွမ်၏ တိုက်ခိုက်မှုအင်အားက အလွန်ပြင်းထန်ပေသည်။သူကိုယ်တိုင်ပင် အဋ္ဌမအလွှာ နှင့် ယန်ပကတိလက်ချောင်း တို့ကို ရင်ဆိုင်ရချိန်တွင် ကောင်းမွန်သော ခံစားချက်ကို မရခဲ့ပေ။
သို့ရာတွင် အခြားတစ်ဖက်၌လည်း ဤအရာကြောင့် စူးရီရှန်း၏ ခွန်အားများ တိုးပွားလာခဲ့သည်။
သူက လူနှစ်ယောက်နှင့် ယှဉ်ပြိုင်နေရချိန်တွင်ပင် အရေးနိမ့်နေသည့် အခြေအနေတွင် မရှိပေ။
“သိုင်းပညာလမ်းစဉ် ရဲ့ ထိပ်ဆုံးလူနှစ်ဆယ်က ခွန်အားကြီးတဲ့ကောင်တွေ စုဝေးနေတာပဲ...စူးရီရှန်းနဲ့ ဝူလျှိုချန် တို့က သိုင်းပညာလမ်းစဉ် ရဲ့ နောက်ဆုံးတိုက်ပွဲ တုန်းကထက် အများကြီး ပိုအစွမ်းထက်လာခဲ့ပြီ…..”
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...