Chapter-189
“အားးး… မင်းထွက်လာလို့ရပြီ… မင်းမြန်မြန်လေး ထွက်လာခဲ့စမ်းပါ…..”
ယီယွမ်၏ခန္ဓာကိုယ်တစ်ခုလုံးက အနက်ရောင်မီးတောက်များ ခြံရံထားသလို ဖြစ်နေခဲ့၏။ သူ၏မျက်နှာအမူအရာများကလည်း အလွန်အမင်းနာကျင်နေသည့်ဟန်ဖြင့် တော်တော်ကလေး တွန့်လိမ်ရှုံ့တွနေခဲ့သည်။
“ဟားဟားဟား… နာကျင်တယ်လေ ဟုတ်တယ်မလား… ဒီအဖိုးကြီးကို မင်းရဲ့နာကျင်ခံစားနေရတဲ့ အမူအရာတွေမြင်တွေ့ခွင့်ပေးတော့မှာပေါ့… မင်းရဲ့နှလုံးသားကို ဒီအဖိုးကြီးရဲ့ ကျီးကန်းနက်ယင်မီးလျှံနဲ့ ပျော်ပျော်ပါးပါးကြီး လောင်ကျွမ်းခံလိုက်တော့…..”
ယီယွမ်၏ နာကျင်ဒုက္ခရောက်နေသော အမူအရာများကို မြင်ချိန်တွင် ကျီးကန်းနက်အဖိုးကြီး၏ စိတ်ထဲ၌ ပြောပြ၍မရလောက်အောင်ပင် ပျာပျာသလဲလဲ ဖြစ်သွားခဲ့၏။
လကြာပန်းချောက်ကမ်းပါးသို့ လာရောက်ခဲ့သောဤခရီးအတွင်း သူ့ကို ဤစိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် ငချွတ်ကလေးက အခွင့်အရေးယူ၍ တိုက်ခိုက်ခဲ့ပေ၏။ သူကထိုအကြောင်းအရာကြောင့် အလွန်အမင်း စိတ်ဓာတ်ကျနေခဲ့ခြင်း ဖြစ်သည်။
ယခု ဤငချွတ်ကလေးက နောက်ဆုံးတွင် သူ့ကြောင့် ဒုက္ခရောက်နေခဲ့ပေပြီ။ ကျီးကန်းနက်အဖိုးကြီးက နောက်ဆုံးတွင် ပြီးပြည့်စုံသော စိတ်ကျေနပ်မှုကို ရရှိခဲ့ပြီဖြစ်၏။
ယီယွမ်၏လက်တစ်ဖက်က သူ၏အင်္ကျီလက်စအတွင်း၌ တစ်ချိန်လုံးထားရှိထားပြီး ကိစ္စတစ်ခုကို လျှို့ဝှက်လုပ်ဆောင်နေသည်ကို ကျီးကန်းနက်အဖိုးကြီးက လုံးဝပင် သတိမထားမိခဲ့ပေ။
“ဟားဟား… မင်းက ဟန်ဆောင်ပြုမူနေရဲသေးတယ်ပေါ့…..”
ကျီးကန်းနက်အဖိုးကြီးက အနိုင်ရနေသော အဖြစ်အပျက်ကြောင့် ပျော်ရွှင်နေခဲ့ချိန်တွင် ယီယွမ်၏ နာကျင်ဒုက္ခရောက်နေသော အမူအရာများက ဤအချိန်၌ ပျောက်ကွယ်သွားခဲ့ပြီး သာယာနေသောအမူအရာတစ်ခုက အစားထိုးဝင်ရောက်လာခဲ့သည်။
ကျီးကန်းနက်အဖိုးကြီး၏ မျက်နှာက အကြီးအကျယ်ပျက်ယွင်းသွားခဲ့ကာ အရာအားလုံးက ကောင်းမွန်ခြင်းမရှိတော့ကြောင်း သူကရုတ်တရက်ပင် ခံစားလိုက်ရ၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...