Chapter 190

2K 209 1
                                    

Chapter-190

ချင်နိုင်ငံ၏မြို့တော်…..

ဤရက်အနည်းငယ်အတွင်း အလွန်အမင်း သက်ဝင်လှုပ်ရှားနေခဲ့သည်။

ထိုကိစ္စ၏အကြောင်းရင်းမှာ ကြယ်တာရာယစ်မူးဂေဟာက
ဆေးလုံးအဆင့်သတ်မှတ်ခြင်းအစည်းအဝေးကျင်းပရန် ဖိတ်ခေါ်စာများပေးပို့လျက်ရှိသောကြောင့်ဖြစ်၏။

တစ်လဟူသောအချိန်အတွင်း ကြယ်တာရာယစ်မူးဂေဟာက အဆုံးအစမရှိသည်အထိ ခမ်းနားကြီးကျယ်လာခဲ့ပြီး ချင်နိုင်ငံ၏ ဆေးဝါးထုတ်လုပ်ရေးကို ထိန်းချုပ်လိုသော အရိပ်အယောင် အငွေ့အသက်များ ပြသလာခဲ့သည်။

စွမ်းအင်စုစည်းဆေးလုံးကို ထုတ်လုပ်နိုင်ခဲ့သော အချိန်မှစ၍ ကြယ်တာရာယစ်မူးဂေဟာက စျေးနေရာတစ်ခုကဲ့သို့ စည်းကားသွားခဲ့သည်။ နေ့စဉ်နေ့တိုင်း သိုင်းပညာရှင်အုပ်စုအများကြီးက စုဝေးရောက်ရှိလာခဲ့ကာ စွမ်းအင်စုစည်းဆေးလုံးကို ဝယ်ယူရန် ကြိတ်ကြိတ်တိုး တန်းစီနေခဲ့ကြ၏။

ထို့ပြင် ဤတစ်ကြိမ်၌ ဝမ်ဒွန်ဟိုင်က ပို၍ကြီးမားသော အကွက်တစ်ခုကို ရွှေ့လိုက်သည့်သဘောဖြင့် ဆေးလုံးအဆင့်သတ်မှတ်ခြင်းအစည်းအဝေးကျင်းပရန် ချင်နိုင်ငံ၏ အကြီးအကဲများ တစ်ဦးချင်းစီကို ဖိတ်စာများ ပေးပို့ထားခဲ့သည်။

ပြောနေကြသည်မှာ ဤဆေးလုံးအဆင့်သတ်မှတ်ခြင်းအစည်းအဝေး၌ တစ်ကြိမ်တည်းဖြင့် ဆေးလုံးအသစ်သုံးမျိုးကို ဖော်ထုတ်ပြသမည်ဟု ပြောနေကြ၏။ ထိုအရာသာ အမှန်ဖြစ်ပါက ချင်နိုင်ငံ၏ မှော်ဆေးပညာလောကတစ်ခုလုံးကို ကပြောင်းကပြန် ဖြစ်သွားစေနိုင်သော တော်လှန်ရေးတစ်ခုဖြစ်သွားပေလိမ့်မည်။

ထိုသို့နာမည်ကြီးနေသော သတင်းများကြောင့် ချင်နိုင်ငံတွင် အုတ်အော်သောင်းနင်း ဖြစ်ပျက်နေခြင်း ဖြစ်၏၊

စွမ်းအင်စုစည်းဆေးလုံးကို ထုတ်ဖော်ပြသလိုက်သော အစဉ်အလာကြောင့် ကြယ်တာရာယစ်မူးဂေဟာက ထုတ်ပြန်လိုက်သော သတင်းများက သိုင်းပညာရှင်များ၏ စိတ်ဝင်စားမှုကို အကြီးအကျယ် ဆွဲဆောင်သွားခဲ့သည်။

စွမ်းအင်စုစည်းဆေးလုံးတစ်မျိုးတည်းဖြင့်ပင် ချင်နိုင်ငံ၏ မှော်ဆေးပညာ ပါဝါချိန်ခွင်လျှာကို ပြောင်းလဲသွားစေနိုင်ခဲ့၏။ အကယ်၍ သူတို့က ဆေးလုံးအသစ်သုံးမျိုးကို တစ်ပြိုင်တည်း ထုတ်ဖော်ပြသခဲ့ပါက မည်သို့သော ပြောင်းလဲမှုမျိုးကို ဖြစ်ပေါ်သွားစေနိုင်မည်နည်း။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now