ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(16)
Chapter-181
“ဟမ့်… ငါက ကြီးမြတ်သောစန္ဒကူးကြာပန်းမီးလျှံ ရသည်ဖြစ်စေ မရဘူးဖြစ်စေ အဲဒါက ငါ့ကိစ္စပဲလေ… ဒါပေမဲ့ မင်းကအခုသေကိုသေရမယ်… ငါကအရင်ဆုံးမင်းကိုသတ်ပြီးမှ ဘာဆက်လုပ်ရမလဲဆိုတာ ဖြည်းဖြည်းချင်း စဉ်းစားတော့မယ်…..”
ယီယွမ်ကသူ၏ကို့ရို့ကားယားဖြစ်နေသော အခြေအနေကို ဖော်ထုတ်ပြောပြလိုက်၍ ဖန်းယွဲ့ချိန်က စိတ်တည်ငြိမ်နေရာမှ ဒေါသများ ထွက်လာခဲ့ပေသည်။
သူ၏လက်ရှိအခြေအနေက ရွှေတောင်ကြီးတစ်ခုပေါ်သို့ တက်နေရသော်လည်း ဤရွှေတောင်ကြီးကို တူးယူရရှိရန် လက်နက်ကိရိယာများမပါရှိသော သူတစ်ဦးနှင့် တူနေပေ၏။ ထိုခံစားချက်မျိုးက အလွန်ပင် ကျေနပ်စရာမကောင်းလှပေ။
သို့ရာတွင် ယီယွမ်က ထိုအချက်ကို လောလောလတ်လတ်ပင် အညှာအတာမရှိ ဝေဖန်လိုက်ပေရာ ဖန်းယွဲ့ချိန်၏ မျက်နှာကို သေးဖြင့်ပန်းလိုက်သည်နှင့် အတူတူပင် မဟုတ်ပေလော။
ယီယွမ်က အကြောက်အလန့်မရှိ နောက်ပြောင်ကျီစယ်လိုက်ပေ၏။ “ဘာဆက်လုပ်မလဲဆိုတာကို ဖြည်းဖြည်းချင်း စဉ်းစားမယ်ဟုတ်လား… ခင်ဗျားကို အပြင်ဘက်ကစွမ်းအာကြီးတဲ့နှစ်ယောက်က ဘာဆက်လုပ်မလဲ ဖြည်းဖြည်းချင်းစဉ်းစားဖို့ ခွင့်ပြုပေးလိမ့်မယ်လို့ ထင်မြင်နေတာတော့ မဟုတ်ပါဘူးနော်…..”
ဖန်းယွဲ့ချိန်၏မျက်နှာက မည်းနက်သွားခဲ့၏။ အဆင့်(1)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် ငချွတ်ကလေးတစ်ယောက်ကို သတ်ဖြတ်ခြင်းက အခြေအနေများကို သက်ရောက်ပြောင်းလဲနိုင်ခြင်းမရှိနိုင်ပေ။ အမှန်တကယ်တွင် အပြင်ဘက်မှနှစ်ယောက်ကသာဒုက္ခပေးနိုင်သောသူဖြစ်ပေသည်။
ဤနေရာသို့ ကွယ်ဝှက်လာရောက်ရန် ထိုနှစ်ဦး၏ မျက်လုံးများနှင့် နားများကို လှည့်စားနိုင်ရန်အတွက် အလွန်အမင်း ကြိုးစားအားထုတ်ခဲ့ရပေ၏။ သို့သော် ယခုသူက အသီးအပွင့်များကို မြင်နေရသော်လည်း ထိုအရာများကို ရိတ်သိမ်းခူးဆွတ်နိုင်ခြင်း မရှိနိုင်ပေ။ မည်သည့်အတွက် ထိုအရာက သူ့အားစိတ်ကျေနပ်စေမည်နည်း။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...