ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၁၆ )
Chapter-187
ဘန်း…..
ခြေတစ်ဖက်က သူ၏ရှေ့တွင်ရှိသော ကျောက်တုံးအပိုင်းအစကြီးတစ်ခုကို လွင့်စင်သွားအောင် ကန်ထုတ်လိုက်သည်။ ကျီးကန်းနက်အဖိုးကြီးက သူလွင့်ကျသွားခဲ့သော ကျောက်တုံးများအကြားရှိ ကျင်းကြီးတစ်ခုမှ လမ်းလျှောက်၍ ထွက်လာခဲ့၏။
လက်ရှိအချိန်၌ ကျီးကန်းနက်အဖိုးကြီး၏ အဝတ်အစားများက စုတ်ပြတ်နေပြီဖြစ်သည်။ ထူးချွန်သူတစ်ဦး၏ အငွေ့အသက်တစ်စက်မျှပင် မတွေ့ခဲ့ရတော့ပေ။ လက်ရှိအချိန်၌ သူကသူတောင်းစားတစ်ဦးနှင့် တူနေခဲ့ပေသည်။
“တော်တော်ကောင်းတယ်… တော်တော်လေး ထူးချွန်တာပဲ… ပုရွက်ဆိတ်လေးတစ်အုပ်က ငါအဖိုးကြီးကို တကယ်ပဲ ဒီလောက်အထိ ဒုက္ခပေးနိုင်ခဲ့တယ်… မင်းတို့အားလုံးဂုဏ်ယူလို့ရပါပြီ… ဒါပေမဲ့ ဒါတွေအားလုံးရဲ့ ပြစ်ဒဏ်အတွက်ကတော့ မင်းတို့ရဲ့အသက်တွေ အားလုံးကိုပဲ ယူဆောင်ရလိမ့်မယ်…..”
ကျီးကန်းနက်အဖိုးကြီးက သူ၏သတ်ဖြတ်လိုသော စိတ်ဆန္ဒကို လုံးဝပင် မျိုသိပ်မထားခဲ့တော့ပေ။ သူကအမှန်တကယ်ပင် ဒေါသထွက်နေခဲ့ပြီဖြစ်၏။
ရတနာကိုသိမ်းယူရှာဖွေရန် မလာခင်က ကျီးကန်းနက်အဖိုးကြီးမှာ ဖြစ်လာနိုင်ဖွယ်များကို ကောင်းစွာတွက်ချက်ထားခဲ့ပြီးဖြစ်၏။ ဤခရီးအတွင်း၌ အကြီးမားဆုံးရန်သူမှာ ရွှေဓားသိမ်းငှက်ဖြစ်မည်ဟုသာ ထင်မှတ်ထားခဲ့သည်။
သို့သော် မည်သည့်နေရာမှ လာရောက်သည်ကို ဘုရားမှပင် သိနိုင်မည့် ဤငချွတ်ကလေးက သူ၏ရတနာကို လုယူသွားနိုင်ပြီး သူ့ကိုပင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားစေမည်ဟု မည်သူကထင်ခဲ့မည်နည်း။
အဆုံးမဲ့တောအုပ်အတွင်း၌ ကျီးကန်းနက်အဖိုးကြီးမှာ အဆင့်အတန်းအလွန်မြင့်မားသော ထူးချွန်သူတစ်ဦးဖြစ်၏။ အထူးသဖြင့် သူက ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ်သို့ တက်ရောက်ပြီးသွားသည်နှင့် ဤတစ်ကြိမ်မတိုင်မီအထိ ယခုကဲ့သို့ ပြင်းထန်သောဒဏ်ရာများ ရရှိခဲ့ဖူးခြင်း မရှိတော့ပေ။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...