ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(12)
Chapter-135
ဖိန်ဇီရို က ယီယွမ်၏ လက်ထဲမှ ဆေးလုံးကို ကြည့်လိုက်၏။ အလွန်တရာ နံဟောင်လှသော အနံ့တစ်ခု ထွက်ပေါ်နေခဲ့သည်။ သူမ၏ နှာခေါင်းကို လက်ဖြင့်ပိတ်လိုက်ပြီး ယီယွမ်၏ လက်ကို အဝေးသို့ တွန်းပို့လိုက်ကာ မျက်မှောင်ကုတ်၍ မေးမြန်းခဲ့၏။ “ဒီဆေးလုံးက ဘာဆေးလဲ...ဒီလောက်အနံ့ ဆိုးဝါးနေရတာ…..”
“အဆင့်(2)ရနံ့ဖုံးကွယ်ဆေးလုံး ...အဆင့်(3)မိစ္ဆာသားရဲ တွေနဲ့ သူတို့အဆင့်အောက်က မိစ္ဆာသားရဲ တွေက ငါတို့ရဲ့အော်ရာတွေကို အာရုံခံမိမှာမဟုတ်ဘူး...ဒီအရာက ငါတို့ကို အန္တရာယ် အများအပြား ကနေ ကာကွယ်ပေးလိမ့်မယ်…..” ယီယွမ်က ရှင်းပြလိုက်သည်။
ဖိန်ဇီရို က သူမ၏ ခေါင်းကို အကြိမ်များစွာ ညိတ်ပြလိုက်ရင်း ပြောခဲ့၏။ “ငါ မလိုချင်ဘူး...အနံ့ဆိုးချက်က သေလောက်တယ်...နင်စားချင်ရင် နင့်ဘာသာစားလိုက်…..”
ယီယွမ်က ပြုံးလိုက်ပြီး ငြင်းခုန်မနေတော့ပေ။ သူက ဆေးလုံးတစ်လုံး ကို သောက်သုံးလိုက်ပြီး အခြားတစ်လုံးကို သိမ်းထားလိုက်သည်။
လက်ရှိအချိန်၌ သူတို့နှစ်ဦးက အဆုံးမဲ့တောအုပ် ၏ နယ်မြေ ကို ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး စကားပြောလျက် ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ သူတို့က ပို၍ နက်ရှိုင်းသော နယ်မြေအတွင်းသို့ ဦးတည်ဝင်ရောက်လာခဲ့ကြ၏။
“ဟေး...ငါတို့ ဘယ်နေရာကို သွားကြမှာလဲ…..” ဖိန်ဇီရို က အနောက်မှနေ၍ မေးမြန်းလိုက်သည်။
“အရင်ဆုံး သွေးနီတောင်ကြော ကို သွားကြမယ်….” ယီယွမ်က နောက်သို့လှည့်၍ မကြည့်ခဲ့ဘဲ ဖြေကြားခဲ့၏။
“သွေးနီတောင်ကြော ဟုတ်လား...နင် ရူးနေတာလား...အဲဒါက လက်မောင်းရှည်ကျောက်တုံးမျောက်ဝံ တွေရဲ့ နယ်မြေလေ...အဲဒီနေရာမှာ အနည်းဆုံး လက်မောင်းရှည်ကျောက်တုံးမျောက်ဝံ သောင်းချီပြီး ရှိနေတယ်...ပြီးတော့ အဲဒီမှာ အဆင့်(3)မျောက်ဝံဘုရင် တစ်ကောင် ရှိချင်ရှိနေမှာ...နင်က သေချင်လို့ သွားမလို့လား…..” ဖိန်ဇီရို က တုန်လှုပ်သွားခဲ့ပြီး အံ့အားတကြီး ရေရွတ်လိုက်သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...