၂၂၀။ “တတိယရိုက်ချက် - ၂”
“သူတို့က ခက်ခဲတဲ့ လမ်းကြောင်းကို ရွေးချယ်နေမှတော့, ဒီမှာ အချိန်းမဖြုန်းကြတော့ဘဲ, အရင်ဆုံး အသုံးမကျတဲ့လူကို ဖမ်းလိုက်ကြတာပေါ့၊ ဒါဆို သူတို့ ဝိညာဉ်ကျောက်စိမ်းကို လွှဲမပေးဘူးဆိုတာ မယုံဘူး။” ချင်းယန်ကလန် တပည့်နှစ်ယောက်က ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြသည်။ သူတို့က ရူလင်းစစ်တပ်နှင့် ဂျန်သားအဖ၏ အမျက်ဒေါသထွက်ခြင်းကို လုံးလုံး လျစ်လျူရှူထားကြသည်။
အသုံးမကျသူဆိုတာ ဘီးတပ်ကုလားထိုင်ပေါ်တွင် ရှိနေသည့် ဂျန်ချင်းကို သူတို့ ရည်ညွှန်းကြခြင်း ဖြစ်သည်။
ဂျန်ချင်း၏ မျက်လုံးများက အနီရောင်သန်းသွားသည်။ သူက ထိုတပည့်နှစ်ယောက်ထံ ပြေးဝင်သွားပြီး ဂုဏ်ယူဝင့်ကြွားစွာ အသေအကျေ တိုက်ခိုက်ပစ်ချင်နေသည်။
သူတို့က ညှိနှိုင်းမှုလည်း မလုပ်ကြ, တောင်းဆိုမှုလည်း မရှိကြချေ။ ချင်းယန်ကလန်က သူတို့ဂိတ်ပေါက်သို့ ရောက်လာသည်နှင့် မည်သည့် သတိပေးချက်မျှ မလုပ်ဘဲ တန်းတိုက်ခိုက်ခဲ့ကြသည်။ စစ်သားအများအပြားက အခုထိ မြေပြင်ပေါ်တွင် လဲလျောင်းနေကြသည်။ သူတို့ အသက်သွေးကြောက မျှင်မျှင်လေးသာ ရှိကြတော့သည်။
ချင်းယန်ကလန်က အနိုင်ကျင့်တတ်တာကို သူတို့ ကြားဖူးထားကြသည်။ ယနေ့ မျက်မြင်ကိုယ်တွေ့ တွေ့ကြုံလိုက်ကြရသည်။ ထိပ်ဆုံးအဆင့် ကလန်၏ ပုံပြင်က သိသာထင်ရှားစွာ မှန်ကန်နေလေ၏။
“ငါတို့ကို အတင်းအကျပ် မလုပ်ကြနဲ့” ရူလင်းစစ်သားများက သူတို့၏ ဆေဘာဓားများကို ဒေါသတကြီး ကိုင်စွဲထားကြသည်။ သူတို့က ဂျန်ရှင်းယန်နှင့် ဂျန်ချင်းကြားတွင် ကာကွယ်ကာ ရပ်နေကြသည်။
သူတို့က ချင်းယန်ကလန် တပည့်များလောက် မသန်မာကြသော်လည်း သူတို့၏ သစ္စာတရားက မေးခွန်းထုတ်စရာပင် မလိုချေ။
“မင်းတို့က ငါတို့ သခင်ကို ဖမ်းဆီးချင်တယ်ဆိုရင်, ငါ့အလောင်းကို ဖြတ်သွားနိုင်မှ ရမယ်” လောင်ချီက ရှေ့ဆုံးသို့ တစ်ဦးတည်း ထွက်လာသည်။ အေးစက်သည့် အလင်းရောင်က ဓားသွားသို့ ဖြတ်သန်းသွားသည်။ သူက ဓားကို အလျားလိုက် အသင့် ကိုင်ဆောင်ထားသည်။
