၂၉၀။ “အလှတရား၏ ပြင်ပန်းသွင်ပြင် - ၂”
ဂျန်ဝုရှီက သူမခြေထောက်နားသို့ တွားလာသည့် ပုံရိပ်ကို ငုံ့ကြည့်သည်။ သူမ၏ တစ်ဝက်ပွင့်နေသည့် မျက်လုံးများက ခါးခါးသီးသီး အေးစက်မာကျောနေသည်။ သူမက ရက်ရက်စက်စက် တုံ့ပြန်ပြောဆိုသည်။
“အဲဒီမျက်နှာက ဘယ်တုန်းကမှ ခင်ဗျားဟာ မဟုတ်ဘူး။”
“မဟုတ်ဘူး... အဲဒါ ငါ့မျက်နှာ... ငါ့မျက်နှာ... ငါ့ကို ပြန်ပေးပါနော်... မင်း ဘာလိုလို ငါ ပေးပါ့မယ်... မင်း ဘာပြောပြော ငါ နားထောင်ပါ့မယ်... လုပ်ပါနော်” ခဲချန်ဂျုက သနားစဖွယ် တောင်းပန်သည်။ သူ့မျက်ရည်များက သွေးများနှင့် ရောနှောကျဆင်းလာသည်။ သူ့မျက်နှာပြင်ပေါ်မှ အရေပြားက ပိုမို၍ ကွဲအက်ကာ သွေးစီးကျလာသည်။ တချို့ အရေပြားက မျက်နှာပေါ်တွင် တွဲလောင်းခိုနေဆဲပင်။
ခဲချန်ဂျုက သူမအဝတ်စကို ထိခါနီးတွင် ဂျန်ဝုရှီက လှည့်ထွက်သွားသည်။ သူမက ယိုင်နဲ့နဲ့ ဖြစ်နေသည့် ကျောက်ချူထံသို့ ဦးတည်လိုက်သည်။
“ဒါကို မျိုချလိုက်။” ဂျန်ဝုရှီက သူမလက်ဖဝါးတွင် ဆေးလုံးတစ်လုံးကို ထုတ်ပေးလိုက်သည်။
ကျောက်ချူက ချက်ချင်း မျိုချလိုက်သည်။ နောက်တစ်ခဏတွင် ပေါက်ကွဲမလို နာကျင်မှုက တဖြည်းဖြည်း လျော့နည်းသွားပြီး ဖြူရော်နေသည့် မျက်နှာမှ တပါး အခြား မသက်မသာ ခံစားရနေတာ မရှိတော့ပေ။
“နင်က တကယ်ပဲ အဲလို တွဲလောင်းကျနေရတာကို သဘောကျနေတာလား” ဂျန်ဝုရှီက မျက်ခုံးတစ်ဖက်ပင့်၍ နံရံပေါ်ရှိ အရပ်ရှည်ရှည် ပုံရိပ်ကို ကြည့်လိုက်သည်။ ဟွာယောင်းက နံရံပေါ်တွင်ပင် ချိတ်ဆွဲလျက် ရှိနေသည်။
ဟွာယောင်းက မျက်လုံးများ မှိတ်၍ ဖြည်းဖြည်းချင်း အသက်ရှု၍ ချိတ်တွဲထားသည့် တံကျင်များမှ သူ့ကိုယ်သူ ရုန်းထွက်သည်။
သူ မြေပြင်ပေါ် ရပ်လိုက်သည်နှင့် ဂျန်ဝုရှီက ဆေးလုံးတစ်လုံးကို ပစ်ပေးလိုက်သည်။
