၃၀၅။ “ဝိညာဉ်အပြောင်းအလဲလုပ်ခြင်း - ၃”
ဒီကြောင်က စကားပြောနိုင်တယ်လား။
ပြီးတော့ ဂျန်ရှီရဲ့ အသံနဲ့ တစ်ထပ်တည်းပဲ။
ကျောက်ချူက ထိုင်ခုံပေါ်မှ ပြုတ်ကျမလို ဖြစ်၍ ပါးစပ်ဟောင်းလောင်း ပွင့်သွားသည်။
ဟွာယောင်းလည်း အကောင်းကြီးတော့ မဟုတ်ပေ။ သူက ခဲချန်ဂျုပုံစံ ပြောင်းထားသည်မို့ သူ့အမူအရာက ပိုလို့ပင် ရုပ်ဆိုးသွားရသည်။
“ရှီလေးလား” ကျောက်ချူ၏ တုန်လှုပ်နေသည့် မျက်နှာက အတော်ကြာ အေးခဲသွားသည်။ ထို့နောက် သူ့အသံကို ပြန်နားထောင်၍ ကပျာကယာ မေးသည်။
“ဟမ်” ကြောင်နက်လေးက အခိုင်အမာ ပြန်ပြောသည်။
ကျောက်ချူက စိတ်ထဲတွင် အော်ဟစ်နေမိသည်။
“အကိုဟွာ, ငါ့ကို တစ်ကြိမ်လောက် ရိုက်စမ်းပါ၊ ငါ အိပ်မက် မက်နေသလားလို့” ကျောက်ချူ စိတ်လွတ်သွားသည်။
ဟွာယောင်းက ထိုဖိတ်ခေါ်ခြင်းကို အားရဝမ်းသာ လက်ခံလိုက်ပြီး အားကုန်သုံး၍ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
ဖြန်းခနဲ အသံက နောက်ဘက် တောင်ထွတ်ပေါ်မှပင် ကြားနိုင်လောက်သည်။
“နာသလား” ဟွာယောင်းက အားနာသလိုလို မေးသည်။ သူက လက်စား ချေလိုက်ရလို့ နေထိုင်ရကောင်းသွားသည်။
ကျောက်ချူက နီမြန်း၍ ပူထူသွားသည့် သူ့မျက်နှာကို လက်ဖြင့် အုပ်ကြည့်သည်။ အော်ငိုသံကြီးဖြင့် သူက ပြောသည် “တကယ် နာတယ်ဟ.....”
ကြောင်နက်လေးက... မဟုတ်ပေ, တိတိကျကျ ပြောရလျှင်, ကြောင်နက်လေး၏ ခန္ဓာကိုယ်ကို ယူဆောင်ထားသည့် ဂျန်ဝုရှီက တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ကျောက်ချူနှင့် ဟွာယောင်း၏ ဟာသလုပ်ရပ်ကို လေ့လာကြည့်နေသည်။ သူ့မျက်လုံးများက တည်ငြိမ်နေသည်။ မည်သည့် ခံစားချက် အရိပ်အယောင်ကိုမျှ ပြသမနေပေ။
