၄၃၈။ ခေါင်းမာသော လူ့အန္ဓ - ၆
ဖန်ဂျင် ဝါးတောအုပ်သို့ ပြန်ရောက်လာချိန်ထိ ဖန်ဇိုက နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတုန်းပင်။ သူက ဂျန်ဝုရှီ သူ့အခန်းမှ ထွက်လာချိန်အထိ အိမ်လေးအပြင်ဘက် ခြံဝန်းလေးမှာ အကြာကြီး ထိုင်နေ၏။ သူက ဂျန်ဝုရှီကို မြင်မြင်ချင်း အမြန်သွား၍ ဖန်ဇိုအား ကုသဖို့ ဖန်ချီခွင့်ပြုလိုက်ကြောင်းကို ပြောသည်။
ထိုသို့ ပြောနေစဉ်မှာပင် ယခုမှ ကျောင်းတော်မှ ပြန်လာသော အာ့ဂျင်က တိုက်တိုက်ဆိုင်ဆိုင် ကြားသွားသည်။ ထိုအခိုက်မှာ အာ့ဂျင်က ရုတ်တရက် စိတ်ပျက်လက်ပျက် ဖြစ်သွားလေ၏။
ဖန်ဇိုအား ကုသခွင့် တရားဝင် ရရှိပြီမို့ ဂျန်ဝုရှီက ဖန်ဇိုအား နေ့စဉ် ပြုစုစောင့်ရှေက်ရေးကိစ္စမှာ နှောင့်နှေးမနေတော့ပေ။ သူမ ပထမဆုံး ပြောင်းလဲပစ်သော အရာက နေ့စဉ် အစားအစာ ဖြစ်သည်။ ရိုးရိုး အစားအစာမှ ဆေးဖက်ဝင်များ ဖြည့်စွက်ချက်ပြုတ်ထားသော အစားအစာသို့ ပြောင်းလဲပေးသည်။ ထို့နောက် သူမက ဖန်ဇို့အခန်းထဲ ဝင်၍ တစ်ခါတည်းဖြင့် ဆေးမျိုးစုံကို သိမ်းယူလွှင့်ပစ်လိုက်သည်။
သူမ၏ တရားလွန်ဖြစ်ပြီး ရဲတင်းသော လုပ်ရပ်ကြောင့် ဖန်ဂျင့်မျက်လုံးများ တဆတ်ဆတ် တုန်ခါသွားရသည်။ သူက လျှို့ဝှက်သိုသိပ်စွာ ၎င်းဆေးများကို သိမ်းဆည်းထားလေ၏။ ၎င်းဆေးများက ရှားပါးပြီး အင်မတန် တန်ဖိုးကြီးမားကြသည်။ မမျှော်လင့်သော အခြေအနေမှာ သုံးစွဲဖို့ ပြင်ဆင်ထားသည့်အနေဖြင့် သူ သိမ်းဆည်းထားလိုက်သည်။
ဖန်ဇို့ခန္ဓာကိုယ်က ပြင်းထန်သော အတက်အကျလှုပ်ရှားမှုကို ခံနိုင်ရည် မရှိပေ။ သူ့ခန္ဓာကိုယ်၏ ရောဂါဝေဒနာကို ကုသခြင်း, သူ့ခန္ဓာကိုယ် ခံနိုင်ရည်အင်အားမြင့်အောင် အားဆေးပေးခြင်း နှစ်မျိုးလုံးကို ခံနိုင်ရည်မရှိသေးခြင်း ဖြစ်၏။ ထို့ပြင် လတ်တလော အားနည်းလွန်းသော ခန္ဓာကိုယ်အခြေအနေက မည်သည့်အားဆေးကို ပေးပေး, ဖန်ဇို့အပေါ် ပြင်းထန်သော ဝန်ထုပ်ဝန်ပိုးသာ ဖြစ်စေလိမ့်မည်။
ဂျန်ဝုရှီအား ပြဿနာပေးသော နောက်တစ်ချက်က ဖန်ဇို၏ သည်တစ်ကြိမ် မေ့လဲသွားရခြင်းအကြောင်း ဖြစ်သည်။