၃၁၁။ “အကြောက်တရား ပျံ့နှံ့ခြင်း - ၂”
ဂို့ရှန်၏ မျက်နှာက သိသိသာသာ ဖြူရော်သွားသည်။ ထိုစကားများက ထင်ရှားလွန်းနေသည်။ ခဲချန်ဂျုက မြူထူတောင်ထွတ်မှ တပည့်တစ်ယောက်မျှ မရဘဲ ပြန်သွားမည်မဟုတ်တာကို သွယ်ဝိုက်ပြောဆိုနေခြင်း ဖြစ်သည်။ မြူထူတောင်ထွတ်က ဂျန်းချန်ချင်း၏ ကာကွယ်မှုကို ဆုံးရှုံးသွားရပြီမို့ ခဲချန်ဂျုကို ဆန့်ကျင်မိလျှင်, သူသာ အခက်တွေ့ရမည့်သူ ဖြစ်သည်။
“ဒီ.... ဒီလမ်းပါ, ကျေးဇူးပြုပြီးတော့, အကြီးအကဲ ခဲ” ဂို့ရှန်က သူ့နှလုံးသားကို တင်းထားလိုက်ပြီး မုန်းတီးဖွယ် ထိုစကားများကို ပြောလိုက်ရသည်။
ဟွာယောင်းက ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်၍ ဂျန်ဝုရှီနှင့် ကျောက်ချူကို ဦးဆောင်ခေါ်သွားကာ တိမ်ဖုံးတောင်ထွတ်အတွင်းသို့ ကျူးကျော် ဝင်ရောက်သွားသည်။ သူတို့က မြင်ပြင်းကပ်စရာ ကောင်းအောင်ပင် လျှောက်လှမ်းသွားကြသည်။
သူတို့ သုံးယောက်က မြူထူတောင်ထွတ်ရှိ တပည့်များ၏ အကြည့်ကို ဆွဲဆောင်သွားသည်။ ထိုစဉ်, ဂို့ရှန်က အကြီးအကဲခဲ၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောသည်။ သူတို့ထဲမှ တပည့်များကို ရွေးချယ်မည့် ရည်ရွယ်ချက်ကို ဖြစ်သည်။ သည်အကြောင်းက အလျင်အမြန် ပျံ့နှံ့သွားသည်။
ထိုအခိုက်ဝယ် သိချင်သည့် အကြည့်များက ဒေါသအကြည့်များသို့ ပြောင်းသွားပြီး သူတို့အားလုံးက ဖြစ်လာတော့မည့် ဘေးဒုက္ခကို ခံစားသိမြင်လိုက်ကြသည်။ ရွေးချယ်ခံရမည့် သူများ၏ အကျိုးဆက်ကို သူတို့အားလုံး ကောင်းကောင်း သိကြသည်။ ထို့ပြင် ခဲချန်ဂျု၏ အစစ်အမှန် ရည်ရွယ်ချက်ကိုလည်း ကောင်းကောင်း သိကြသည်။
ရွေးချယ်ခံလိုက်ရပြီး တိမ်ဖုံးတောင်ထွတ်သို့ ခေါ်ဆောင်ခံလိုက်ရလျှင်, သူတို့ ရင်ဆိုင်ရမှာက အတိုင်းအဆမရှိသည့် နှိပ်စက်ညှဉ်းပန်းမှုကို ဖြစ်သည်။
တပည့်များအားလုံး ဆုတောင်းနေတာက အကြီးအကဲ ခဲ၏ မျက်နှာသာပေးခြင်းကို မခံရဖို့ ဖြစ်သည်။
