၃၃၇။ “ခြောက်ခုမြောက် ရိုက်ချက် - ၉”
ချင်ယွဲ့၏ သွေးကြောများ နီရဲနေသည့် မျက်လုံးများက ဂျန်ဝုရှီကို မမှိတ်မသုန် ကြည့်နေသည်။ ၎င်းမျက်လုံးများမှာ အမုန်းနှင့် နာကျင်ခြင်းက ပြည့်နှက်နေသည်။ သူ ဘယ်လောက် နာကျင်ခံစားနေရသလဲဆိုသည်ကို မည်သူမျှ မစဉ်းစားနိုင်ချေ။ သူက မလှုပ်ရှားနိုင်ချေ။ ပြင်းထန်သည့် နာကျင်ခြင်းက သူ့ခန္ဓာကိုယ်ကို မဆုံးနိုင်စွာ ဖြဲဆုတ်နေသည်။ ၎င်းနာကျင်ခြင်းက သူ့အား ရူးသွပ်လုလု ဖြစ်စေသည်။
လူသားမဆန်သော သည်လို နှိပ်စက်ညှဉ်းဆဲခြင်းက လူသားခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်စွမ်း ရှိနေတာကို သူ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပေ။
သန်းချီနေသည့် ပုရွက်ဆိတ်များက သူ့အရိုးများကို တစ်ဖဲ့ချင်း နည်းနည်းချင်း ဝိုင်းအုံ ကိုက်ခဲခံနေရသလို ဖြစ်သည်။ သူ့အသားများကလည်း အရိုးများနှင့် အတူတူ တစ်စစီ ဖြစ်လာသည်။ ထိုအခိုက်မှာ ချင်ယွဲ့က မြန်မြန် သေဖို့သာ လိုလားတောင့်တနေမိတော့သည်။
ခေါင်းနှစ်လုံး အရိုးမြွေ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် နာကျင်ခံစားရမှုက သည်အခိုက် သူနာကျင်နေတာနှင့် နှိုင်းယှဉ်လို့ မရပေ။ သည်နာကျင်မှုက ဖော်ပြခြင်းငှာပင် မစွမ်းသာချေ။
သည်တုန်လှုပ်ဖွယ် နာကျင်ခံစားရမှုကြောင့် သူက အကြိမ်ပေါင်းများစွာ မေ့မလိုလို ခံစားနေရသည်။ သို့သော် ငွေအပ်များက သူ့အာရုံကြောများကို ထိုးစိုက်ထားခြင်းကြောင့် သူက မေ့မြောမသွားခဲ့ချေ။
အချိန်က ခဏသာ ကျော်လွန်သွားသော်လည်း ချင်ယွဲ့အတွက် နှစ်ပေါင်းများစွာ ကြာသွားသလို ခံစားနေရသည်။ သတိမလစ်အောင် ဖိအားသုံးထား၍ သူ့နှလုံးသားက နာကျင်နေရပြီး သေဖို့သာ သူ လိုလိုလားလား တောင့်တနေမိတော့သည်။ သို့သော် သေခြင်း တံခါးက သူ့အတွက် ပိတ်ဆို့ထားသည်။
ချင်ယွဲ့၏ စိတ်စွမ်းအားက တစ်စစီ ပဲ့ကြွေနေလေပြီ။ သို့သော် သူက သွေးစွန်းပါးစပ်ကို အဆုံးမရှိ အော်ဟစ်ညည်းတွားလျက် နှုတ်ခမ်းများကို ဟလိုက်သည်။