၉၁၈။ ကန့်လန့်ကာ မတင်ခြင်း(၂)
တိုက်တိုက်ဆိုင်ဆိုင်ပဲ, လေ့ဖန်က ဒီရက်ပိုင်းမှာ အတော့်ကို ပြန်ကောင်းသွားပြီ၊ မင်း လှည့်ပတ်ကြည့်လို့ရအောင် ကျုပ် သူ့ကို အဖော်လိုက်ခိုင်းလိုက်မယ်။ ဘုရင်ကြီးက အလွန် သဘောကောင်းဟန် ပြသလာသည်။ သို့သော် သူက နောက်ထပ် စီမံကိန်းချထားခြင်းပင် ဖြစ်သည်။
လေ့ချန်က ချူလင်းယွဲ့အား အာရုံစိုက်နေတာကို ဘုရင်ကြီးက သိသည်။ ဒါကလည်း သူမနောက်မှာ ထောင်ချီသားရဲမြို့တော် ရှိနေလို့ ဖြစ်သည်။ သို့သော်ငြား ဘုရင်ကြီးက သူ့အား နန်းပလ္လင် လွှဲပေးမှာ မဟုတ်ပေ။ ထို့ကြောင့် ထောင်ချီသားရဲမြို့တော်နှင့် မိတ်ဆွေဖြစ်ရမည့် သူဆိုလျှင် သူ အချစ်ဆုံးသား လေ့ဖန်သာ ဖြစ်ရလိမ့်မည်။
လေ့ဖန်က ချူလင်းယွဲ့ကို လေ့ချန် သိကျွမ်းသလို မသိကျွမ်းပေ။ သူတို့ အချင်းချင်း သိရုံလောက်သာ ရှိသည်။ လေ့ဖန်နှင့် ချူလင်းယွဲ့ကို အချင်းချင်း ရင်းနှီးသွားအောင် သူ ဆွဲဆောင်နိုင်ခဲ့လျှင်, ဘုရင်ကြီးအတွက် အတိုင်းထက်အလွန် ပျော်ရွှင်ကျေနပ်ရလိမ့်မည်။
ဘုရင်ကြီးက သူ့သားငယ်ကို အလွန်ချစ်၍ အလိုလိုက်ထားသလို, သူ့သား၏ လူမှုဆက်ဆံရေး ကောင်းမွန်တာကိုလည်း ယုံကြည်ထားသည်။ ချူလင်းယွဲ့၏ မီးတိုင်းပြည်အပေါ် မကျေမနပ်ဖြစ်နေခြင်းကို လေ့ဖန်က ကူညီဖယ်ရှားပေးနိုင်လိမ့်မည်ဟူ၍ ဘုရင်ကြီး တွေးမိသည်။ တစ်ချိန်တည်းမှာပင် လေ့ဖန်က ချူလင်းယွဲ့နှင့် ဆက်ဆံရေး ရှေ့ဆက်တိုးနိုင်မည့် အခွင့်အရေးကို အသုံးချနိုင်လိမ့်မည်ဟူ၍လည်း ဘုရင်ကြီးက မျှော်လင့်ထားလေ၏။
ချူလင်းယွဲ့က ခဏလောက် ငြိမ်သက်သွားပြီးနောက် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
ဘုရင်ကြီးက အားရကျေနပ်၍ လေ့ဖန်ကို ခေါ်ခိုင်းလိုက်သည်။ ထို့နောက် ချူလင်းယွဲ့အား နန်းတွင်းကို လှည့်ပတ်ပြသရန် လေ့ဖန်ကို ခိုင်းလိုက်သည်။
ဘုရင်ကြီး၏ အမိန့်ကို လက်ခံရရှိသဖြင့် လေ့ဖန်က ဘုရင်ကြီး၏ အတွေးကို ချက်ချင်း နားလည်သည်။ ဒီလိုကိစ္စမျိုးကို လေ့ဖန်က လိုက်နာ၍ ပျော်ပျော်ကြီး ဆောင်ရွက်မည်သာ ဖြစ်သည်။ လေ့ချန် လိုချင်သော အရာကို သူ နှိုက်ယူနိုင်သရွေ့ ပျော်ပျော်ကြီး သူက ပူးပေါင်းဆောင်ရွက်မည်သာ။