၆၁၄။ နောက်ဆုံးတော့ ငါ့ကို သတိရပြီပေါ့-၂
ဂျန်ဝုရှီက အကြိမ်အတော်များများ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ သို့သော် သူမ မည်သည့် အသံကိုမျှ မပြုဘဲ ဂျန်ဝုယောင်း၏ ရင်ခွင်ထဲမှာသာ ငြိမ်သက်နေသည်။ နာကျင်ခံစားနေရသော အိမ်မွေးတိရစ္ဆာန်လေးလို သူမက ရင်းနှီးကျွမ်းဝင်သော ရနံ့မှ သက်သောင့်သက်သာဖြစ်တာကို ရှာဖွေ ခံစားနေသည်။
ဂျန်ဝုယောင်း၏ အပြုံးက ထိုအခိုက်မှာ အေးခဲတောင့်တင်းသွားသည်။ ဂျန်ဝုရှီက သူ့အား မှီခိုအားထားလိုခြင်းကို ရုတ်တရက် ပြသလာသဖြင့် မည်သို့ လုပ်ရမှန်း မသိ ဖြစ်သွားသည်။ လက်သေးသေးလေး တစ်စုံက သူ့အင်္ကျီကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးက သူ၏ ကြီးမားကျယ်ပြန့်သော ရင်ခွင်တွင်းမှာ ဖိသိပ်နေသည်။ သူတို့နှစ်ယောက်က ပွေ့ဖက်ထားခြင်းဖြင့် ချိတ်ဆက်ထားကြသည်။
လှိုက်ဖိုနေသော သူမရင်ဘတ်မှ လာရောက်သော အသက်ရှုသံကိုပင် ဂျန်ဝုယောင်း ကြားရသည်အထိ သူတို့ နီးကပ်လွန်းသည်။
ခဏလောက် မာတောင့်တောင့် ဖြစ်သွားပြီးနောက် ဂျန်ဝုယောင်းက သူ့လက်မောင်းများဖြင့် ဂျန်ဝုရှီကို တင်းတင်းကျပ်ကျပ် ဆွဲယူ၍ ဖက်ထားပေးသည်။ သူ့မျက်နှာမှ အပြုံးက ကြီးမားကျယ်ပြန့်သထက် ကြီးများ ကျယ်ပြန့်လာသည်။ သူက ဂျန်ဝုရှီ၏ ဆံနွယ်များပေါ်တွင် သူ့မေးကို ထောက်ထား၍ ကလေးငယ်လေးတစ်ယောက်လို သူမအား နှစ်သိမ့်ချော့မြူပေးသည်။
မင်း အနိုင်ကျင့်ခံထားရသလား၊ စိုးရိမ်စရာ မလိုဘူး၊ မင့်အကိုကြီး အခု ဒီရောက်လာပြီပဲ၊ မင့်အကိုကြီး ရှိနေမှတော့ မင်းကို ဘယ်သူကမှ နည်းနည်းလေးတောင် အနိုင်မကျင့်စေရဘူး။
လက်တစ်ဖက်ဖြင့် ဂျန်ဝုရှီကို ပွေ့ဖက်ထားပြီး နောက်လက်တစ်ဖက်ဖြင့် ဂျန်ဝုရှီ၏ ချောမွေ့တောက်ပြောင်နေသော ဆံနွယ်များကို ပွတ်သပ်ပေးသည်။ နက်ရှိုင်းပြီး သိမ်မွေ့သော အသံဖြင့် နှစ်သိမ့်ပေး ချော့မြှူပေးသည်။ ၎င်းအသံကို ကြားရသူ မည်သူမဆို ယစ်မူးတွေဝေ သွားရသည်။