၃၄၉။ “ဖီးနစ်ကျောင်းတော် - ၂”
မုတ်ဆိတ်မွှေးနှင့်လူက မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။ “မင်း သူ့ကို ဒီမှာ ထားရင်, သူ အသက်ရှင်လိမ့်မယ်။”
“ဟွာယောင်းနဲ့ ကျောက်ချူ ဘယ်မှာလဲ” ဂျန်ဝုရှီက နောက်တစ်ခွန်း မေးသည်။
“ဖေးယန်, သူ့ကို သူတို့ဆီ ခေါ်သွားပေးလိုက်စမ်း။” မုတ်ဆိတ်မွှေးနှင့် လူက မေးထိုးပြသည်။
သူက ဂျန်ဝုရှီ ထွက်ခွာသွားတာကို ကြည့်လျက် မျက်မှောင်ကုတ်ကာ နက်နက်နဲနဲ စဉ်းစားနေပြီး ဝိုင်ကရားကို မော့သောက်လိုက်သည်။ ဝိုင်က သူ့လည်ချောင်းတောက်လျှောက် ပူဆင်းသွားသည်။ ထို့နောက် သူက ရေကန်ထဲမှ ဆီးနှင်းကြာပန်းကို ကြည့်လိုက်သည်။
“အပင်အမျိုးအစား ဝိညာဉ်..... နန်းတော် ဆယ့်နှစ်ခု လူတွေကို ဆွဲဆောင်သွားတာ မထူးဆန်းတော့ဘူးပဲ၊ ပြီးတော့လည်း ဒီလောက်အထိ ဖြစ်ထွန်းလာတဲ့ အပင်ဝိညာဉ်၊ အထက်လောကက လူတွေလည်း ဒီအကြောင်းကို ကြားရင်, နောက်ထပ် သွေးလွှမ်းတဲ့ တိုက်ပွဲ ဖြစ်လာအုံးမှာ ကျိန်းသေနေတယ်။” သူက သူ့ဘာသာ တီးတိုးပြောပြီး အခြောက်တိုက် ရယ်လိုက်သည်။
ဖေးယန်က ဂျန်ဝုရှီကို ဝန်းနောက်ဘက်ရှိ ပိတ်ထားသည့် တံခါးရှေ့သို့ ခေါ်သွားသည်။ သူမက တံခါးခေါက်ရန် ဟန်ပြင်စဉ်, တံခါးပွင့်လာသည်။
ချောမောပြီး နူးညံ့သည့် ကိုယ်နေဟန်ရှိသော လူငယ်က တံခါးနောက်တွင် ရပ်နေသည်။ သူ၏ ပြုံးတုံ့တုံ့မျက်လုံးများက အံ့ဩဟန်ဖြင့် အစားထိုးသွားသည်။ သူက ဖေးယန်နှင့် ဂျန်ဝုရှီကို အပြင်ဘက်တွင် မြင်လိုက်လို့ ဖြစ်သည်။ ထို့နောက် သူက ရယ်လိုက်သည်။ “ဖေးယန်, သူတို့ကို ကြည့်မလို့ လာတာလား၊ ပြီးတော့ ဒီနောက်က ငါ့ညီဟွာယောင်း ခေါ်လာတဲ့ တစ်ယောက်မို့လား။”
ဖေးယန်က လူငယ်ဘေးသို့ သွားကာ ရပ်လိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့် သူတို့နှစ်ယောက် အရပ်အမြင့် တူညီသလောက် တွေ့မြင်ရသည်။
