၂၃၅။ “စတုတ္ထရိုက်ချက် - ၃”
တစ်ခဏအတွင်းမှာပင် ကျွမ်းကျင်ပညာရှင်လေးယောက်က အနက်ရောင်မြွေများ၏ သဲသဲမဲမဲ တိုက်ခိုက်မှုအောက်တွင် လဲကျသွားကြပြီး မြေပြင်ပေါ်တွင် အကြောဆွဲကာ တွန့်လိမ်ကုန်သည်။
ချင်ယုယန်က ပလ္လင်ရှေ့တွင် မတ်တပ်ရပ်၍ အဖြစ်အပျက်အားလုံးကို တုန်လှုပ်ချောက်ချားလျက် ကြည့်နေသည်။ သူမက သူမ မျက်လုံးများကိုပင် မယုံနိုင် ဖြစ်နေသည်။ ထိုခံ့ညားသည့် လူမှာ မိုးကောင်းကင်ကိုပင် အာခံနိုင်သည့် စွမ်းရည်မျိုး ရှိနေသတဲ့လား။
သူက လက်ချောင်းကို လှုပ်လိုက်ရုံသာ ရှိသည်, သူလွှတ်လိုက်သည့် မြွေများက ကျွမ်းကျင်ပညာရှင်လေးယောက်ကို ဆွဲချသွားနိုင်သည်။ အားအကောင်းဆုံး မဲနယ်ရောင်ဝိညာဉ်စွမ်းအားရှင်သည်ပင် တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားရသည်။
သူ၏ ဒီလွန်ကဲသည့် စွမ်းအားက အဘယ်မှ လာတာ ဖြစ်နိုင်သနည်း။
သူမ၏ ချစ်ခင်မြတ်နိုးခြင်းက လျင်မြန်စွာ ပျောက်ကွယ်၍ ကြောက်လန့်ခြင်းက အစားထိုးသွားသည်။ ချင်ယုယန်၏ မျက်နှာတွင် အမြဲတမ်း ရှိနေသည့် အပြုံးက ပျောက်လွင့်သွားပြီး ထိတ်လန့်ခြင်းက ကြီးထွားလာသည်။
ဂျန်ဝုယောင်းက ဂျန်ဝုရှီကို ဖက်ထားရင်း ညင်သာစွာ သက်ဆင်းလာသည်။ သူက ဂျန်ဝုရှီကိုသာ လုံးလုံး အာရုံစိုက်ထားပြီး လှည့်ပတ် စစ်ဆေးသည်။ သူ့ချစ်ချစ်လေးမှာ သွေးများ စွန်းပေသွားသလားလို့ သူက စိုးရိမ်နေသည်။ အကြောဆွဲနေသည့် လူလေးယောက်ကို တစ်ချက်လေးပင် မကြည့်ချေ။
ခန်းမကြီးထဲတွင် အမူးသမား ကြာပန်းက ပြင်းထန်သည့် တိုက်ပွဲတွင် လုံးဝ အာရုံ နစ်မြုပ်နေသည်။ သူ၏ လှပသော မျက်လုံးများက တိုက်ပွဲမီးလျှံများ တောက်လောင်နေသည်။ သူက ရူးရူးမူးမူး ယိမ်းထိုး လှုပ်ရှားနေသည်။ သူ၏ အလင်းလို လျင်မြန်သည့် လက်သီးများက မျက်စိဖြင့် မမြင်ရလောက်အောင် လျင်မြန်စွာ ကျဆင်းနေပြီး ရန်သူများကို မချိမဆန့် အော်ဟစ်ညည်းတွားစေသည်။