၅၃၈။ ချန်လင်းမြို့ - ၁
ဖန်ဇိုက ဖန်ဂျင်ကို ရှာဖွေပြီး ဂျန်ရှီနှင့် အတူ ခရီးတို သူ သွားမည်ဆိုသည့်အကြောင်းကို ပြောပြသည်။ ဖန်ဂျင်က ခဏလောက် တုံ့ဆိုင်းသွားသည်။ သူ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ဂျန်ရှီက မစိုးရိမ်ရန် ပြောလိုက်သည်။
ဒီခရီးတိုမှာ ဂျန်ရှီတစ်ယောက်တည်းသာ လိုက်ပါမည် မဟုတ်ဘဲ, ကျောက်ချူတို့အုပ်စုပါ လိုက်ပါမည့်အကြောင်းကို ဂျန်ရှီ ပြောပြသည်။
ဖန်ဂျင်က ကျောက်ချူတို့အုပ်စု၏ အံ့ဖွယ်စွမ်းရည်ကို ကိုယ်တိုင် မြင်ပြီးဖြစ်၍ သူတို့ ကာကွယ်ပေးမှာကို သံသယမဝင်ဘဲ စိတ်ချလိုက်သည်။ သို့သော် ဌာနခွဲက မဟာဌာနမှ အတော်လှမ်းလှမ်းမှာ ရှိနေသဖြင့် ကျောက်ချူတို့ အုပ်စုအား သတင်းစကား ပါးဖို့ ဂျန်ရှီအတွက် အခက်အခဲ ဖြစ်နေသည်။ သတင်းစကားပါးခြင်း တာဝန်က ဖန်ဂျင်လက်ထဲသို့ အလိုအလျောက် ရောက်ရှိသွားလေ၏။
ကျောင်းအုပ်ကြီး၏ သားတစ်ယောက်အနေဖြင့် ဌာနခွဲသို့ သွားပြီး တပည့်အချို့ကို တောင်းဆိုတာက လွယ်ကူသော ကိစ္စတစ်ရပ် ဖြစ်လိမ့်မည်။
၎င်းတာဝန်က မွန်းလွဲပိုင်းတွင် ပြီးစီးသွားပြီး ဖန်ဂျင်က သူတို့အတွက် မြင်းဆွဲ ရထားလုံးကိုပါ ပြင်ဆင်ပေးလိုက်သည်။ သူတို့ကို ခရီးလမ်းမှာ သတိထားဖို့ အထပ်ထပ် သတိပေးသည်။
အနီးဆုံး လေလံအိမ်က လေညင်းကျောင်းတော်မှ နေ့တစ်ဝက် ခရီးအဝေးမှာ တည်ရှိသည်။ တိုက်တိုက်ဆိုင်ဆိုင် လအဆုံးရက် ဖြစ်နေပြီး တိုက်ပွဲတောအုပ်မှ မသေကောင်း မပျောက်ကောင်း ပြန်ရောက်လာကြသော လေညင်းကျောင်းတော်မှ ကျောင်းသားများက နားရက် ငါးရက် ရရှိထားကြသည်။ တချို့က သည်ငါးရက်အတွင်း ကျောင်းတော်မှာသာ အပန်းဖြေနေကြပြီး တချို့က အုပ်စုဖွဲ့၍ လေညင်းကျောင်းတော်အနီးရှိ မြို့သို့ အလည်အပတ် သွားရောက်ကြသည်။ သူတို့က စိတ်ပြေလက်ပျောက် အနားယူချင်၍ ဖြစ်သည်။
စည်ပင်ဝပြောသော မြို့တော်က သက်ဝင်လှုပ်ရှားနေသည်။ ၎င်းမြို့က လေညင်းကျောင်းတော်၏ အနီးဝန်းကျင်မှာ ရှိသော ချန်လင်း မြို့ပင် ဖြစ်သည်။