၃၄၃။ “လွှမ်းမိုးနိုင်လွန်းသော - ၆”
ဟွာယောင်းနှင့် ကျောက်ချူက ဂျန်ဝုရှီအား အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ သူတို့ရှေ့မှ သေးသွယ်သည့် ရုပ်ပုံလေးက အရာအားလုံးထက် သန်မာသော ကျောရိုး ရှိနေသလော။ (သူတို့အားလုံးထက် သတ္တိရှိနေသလော။)
“ငါ့ကို နင်တို့ ကာကွယ်ပေးနေစရာ မလိုဘူး၊ ငါတို့ ကြားမှာ မိတ်ဖွဲ့ရုံပဲ ရှိခဲ့တာ၊ ဒီ့အတွက် နင်တို့အသက်တွေကို ပေးဆပ်စရာ မလိုဘူး၊ ငါ နင်တို့ကို ပြန်ပေးဆပ်နိုင်မှာ မဟုတ်ဘူး။” သူမက ထိုလူနုံလူအအား ကျေးဇူးကြွေးဆပ်လို့ပင် မရသေးချေ။ နောက်ထပ် သူမ ကျေးဇူးကြွေးအတင်မခံနိုင်တော့ပေ။
ဟွာယောင်းနှင့် ကျောက်ချူက ဂျန်ဝုရှီအား ဇဝေဇဝါဖြင့် ကြည့်နေရင်း ပြောစရာစကားမဲ့သွားကြရသည်။
ဂျန်ဝုရှီ၏ စကားများက အေးစက်နေပြီး နှလုံးသားကင်းမဲ့လုလု ဖြစ်နေသည်။ သို့သော် ဂျန်ဝုရှီက သူတို့ကို နောက်ဆုတ်စေရန် ပြောဆိုသော စကားမှန်း သူတို့ သိကြသည်။ သူတို့ကို အန္တရာယ်တောထဲသို့ မဆွဲခေါ်ချင်လို့ ဖြစ်သည်။
“ငါတို့ကို ပြန်ပေးဆပ်စရာ မလိုပါဘူး၊ ငါတို့ အဲလိုပဲ ယူဆထားတယ်။” ကျောက်ချူက ရယ်လျက် ပြောသည်။
ဂျန်ဝုရှီက ရပ်မြဲတိုင်း ရပ်နေသည်။ သူ့ခါးက မတ်နေပြီး ခေါင်းလှည့် မကြည့်လိုတော့ပေ။
အဖြူရောင်ဝတ်စုံပိုင်ရှင်က လူငယ်သုံးယောကို စိတ်မရှည်စွာ ကြည့်နေသည်။ “ကောင်လေး, ငါက မင်းလက်စွပ်ဝိညာဉ်ကိုသာ လိုချင်တာ၊ မင်းအပေါင်းအသင်းတွေ မသေစေချင်ဘူးဆိုရင်, အဲအတိုင်းသာ နေ, ငါ့ကို မင်းရဲ့ လက်စွပ်ဝိညာဉ်ကို ယူခွင့်ပြု။”
လူငယ်သုံးယောက် ပူးပေါင်းလာရင်တောင် သူတို့ကို အနိုင်ယူဖို့ လက်ချောင်းတစ်ချောင်းထက် အပို မလိုအပ်ပေ။
“ခင်ဗျားရဲ့ ရူးကြောင်ကြောင် စကားတွေ တော်လောက်ပြီ၊ ခင်ဗျား ရှီလေးကို ထိချင်ရင်, ငါတို့ သေပြီးမှပဲ ရလိမ့်မယ်။” ကျောက်ချူက တွန့်ဆုတ်ခြင်းမရှိ ရှေ့သို့ တက်လာပြီး သူ့ဝိညာဉ်စွမ်းအားကို ဖော်ထုတ်လိုက်သည်။ မထင်မှတ်ဖွယ်ရာပင်, သူ ဖော်ထုတ်သည့် ဝိညာဉ်စွမ်းအားက တကယ်ပင် ခရမ်းရောင်ဖြစ်နေသည်။
