၄၄၇။ လိပ်ပြာသားရဲ အမဲလိုက်ပွဲ - ၃
ညအလွန်နက်နေပြီမို့ လေညင်းကျောင်းတော်တပည့်များအားလုံး ပင်ပန်းနေကြသည်။ သူတို့အားလုံး ရထားလုံးများတွင် တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်ကြပြီး မအိပ်ခင် အစားအစာများကို တတိတိစားကြပြီးနောက် သူတို့ခန္ဓာကိုယ်များ ပင်ပန်းလွန်းသဖြင့် အိပ်ပျော်သွားကြသည်။
မနက်ဝေလီဝေလင်းအချိန် နေမင်းအလင်းရောင် ပြူတစ်တစ် ဖြစ်လာချိန်မှာ အနားယူကြသော တပည့်များအားလုံး ရထားလုံးများမှ ခုန်ဆင်းလာကြသည်။ တပည့်ကြီးများ အားလုံး သူတို့ရှေ့ရှိ အမဲလိုက် တောအုပ်ကို ကြည့်ရင်း စိုးရိမ်သလို ခံစားနေကြသည်။ ၎င်းတောအုပ်က သူတို့ ညဉ့်ပေါင်းများစွာ အိပ်မက်ထားသော တောအုပ်ဖြစ်သည်။ သူတို့ အနည်းငယ်တော့ စိုးရိမ်ပူပန်နေကြသည်။
တပည့်သစ်များကတော့ ဆန့်ကျင်ဘက်ပင်။ သူတို့အားလုံးက မျှော်လင့်ချက်တစ်ပုံ တပင်ဖြင့် တက်ကြွ ရွှင်လန်းနေကြသည်။ တပည့်သစ်တချို့က စိုးရိမ်ပူပန်မှု ရှိကြသော်လည်း သူတို့နှင့် အတူ နည်းပြများ ပါဝင်ကြမည် ဖြစ်သဖြင့် အတော် အတန် စီတ်အေးနေကြသည်။
ခရီးရှည်ကို ခေါင်းဆောင် ခေါ်လာကြသော ဆရာများက တပည့်သစ်များ အားလုံးကို စုဝေးစေ၍ လိပ်ပြာသားရဲတောအုပ်တွင် လုပ်ဆောင်ရမည့် အချက်များကို ရှင်းလင်းပြကြသည်။
လိပ်ပြာသားရဲအမဲလိုက်ပွဲက ၇ရက်ကြာညောင်းမည် ဖြစ်သည်။ လေညင်းကျောင်းတော် တပည့်များက အရှေ့တောင်အရပ်တွင် လှုပ်ရှားကြရမည် ဖြစ်သည်။ အသေးစိတ် မြေပုံတစ်ချပ်စီကို စီမံပေးထားကြသည်။ ဆရာများက တပည့်များအား အခက်အခဲ ကြီးကြီးမားမား မတွေ့ကြုံဖို့ မျှော်လင့်ထားကြသည်။ သူတို့ လှုပ်ရှားရမည့် သတ်မှာဧရိယာတွင် အဆင့်မြင့် လိပ်ပြာသားရဲများ မရှိကြချေ။ သူတို့အတွက် အတော်အတန် လုံခြုံစိတ်ချရသည်။
ဆရာများက တပည့်များအား တည်ကြည်လေးနက်သော လေသံဖြင့် သတိပေးဖို့လည်း မမေ့ကြချေ။ အမှတ်အသားမရှိသော နေရာများတွင် အုပ်စုကွဲမသွားဖို့ ဖြစ်သည်။ ထိုနေရာများတွင် အဆင့်မြင့် လိပ်ပြာသားရဲများ ရှိနိုင်သည်မို့ သူတို့ မဝင်မိဖို့ အရေးကြီးသည်။ မြေပြင်အနေအထားက အန္တရာယ်များ ရှိနိုင်သဖြင့် ဂရုမစိုက်မိပါက တောအုပ်ထဲမှာ အသက်စွန့်သွား ရနိုင်ချေ ရှိသည်။