၂၄၈။ “ပြောမပြသည့် ရည်ရွယ်ချက် - ၂”
နောက်ကြောင်း ပြန်စဉ်းစားလျှင်, ဂျန်ဝုရှီ၏ စီမံကိန်းများက အကျိုးမရှိခဲ့သည် မဟုတ်ချေ။ သူတို့က ချင်းယန်ကလန်မှ ကိုယ်စားလှယ်များကို သတ်ဖြတ်ပစ်ခဲ့သည်။ ချင်းယန်ကလန်အဓိပတိ၏ သမီးပါ အပါအဝင် ဖြစ်သည်။ ချင်းယန်ကလန်က သတင်းရသွားလျှင်, ချီတိုင်းပြည်သေးသေးလေးအပေါ်သို့ ပြောမပြတတ်လောင်အောင် အမျက်ဒေါသများ ကျရောက်လာနိုင်ပြီး သူတို့ ခက်ခက်ခဲခဲ ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။
ချင်းယန်ကလန် လာရောက်ပြီး ချီတိုင်းပြည်အား လက်တုံ့ပြန်သည်အထိ သူတို့ စောင့်ဆိုင်းနေခဲ့လျှင်, သူတို့အခြေအနေက ပိုမို ကြီးမားသည့် အန္တရာယ်နှင့် ရင်ဆိုင်ရမည့် အနေအထား ဖြစ်သည်။
ချင်းယန်ကလန်၏ အင်အားက တပည့်များအပေါ်မှာသာ တည်မှီနေသည် မဟုတ်ပေ။ တကယ်တော့ အင်အားစုအမျိုးမျိုး, တိုင်းပြည်အသီးသီးက သူတို့နောက်မှာ ရှိနေကြသည်။ ချင်းယန်ကလန်သာ သူတို့ကို စုစည်းလာခဲ့လျှင်, ချီတိုင်းပြည် ဆယ်ခု ပေါင်းလျှင်တောင်, ထိုအင်အားကြီး ရန်သူများကို ရင်ဆိုင်ဖို့ မမျှော်လင့်နိုင်ပေ။
“ဝုရှီ, နင်က စွမ်းရည်ရှိတဲ့ ကောင်မလေးဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ ချင်းယန်ကလန်ကို ထိပ်တိုက် ရင်ဆိုင်ဖို့ ဆိုတာ စွန့်စားလွန်းရာ ကျတယ်။” ဂျန်ရှင်းယန်က သက်ပြင်းချလိုက်သည်။ ကိစ္စများက တစ်ခုပြီး တစ်ခု ဖြစ်ပျက်လာနေသည်မို့ သူတို့ အသက်ရှူချိန်ပင် ကြာရှည်မရကြချေ။
“စိတ်ချနေပါ ဖိုးဖိုး, သမီး သေသေချာချာ စဉ်းစားထားပါတယ်၊ သမီး ထိပ်တိုက် ရင်မဆိုင်ပါဘူး၊ ပြီးတော့လည်း, သမီးဆရာက သမီးနဲ့ အတူတူ ရှိနေမှာပါ၊ သူက သမီးကို တောက်လျှောက် ကူညီသွားမှာပါ။” ဂျန်ဝုရှီက တကယ်မရှိသည့် သူမဆရာကို ထည့်သွင်း၍ မပြောဘဲ မနေနိုင်တော့ပေ။ ဂျန်ရှင်းယန် စိတ်ပူနေတာကို လျှော့ချပစ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
