၄၃၄။ ခေါင်းမာသော လူ့အန္ဓ - ၂
ဒါက သူ စွမ်းလို့မှ မဟုတ်တာ၊ သခင်လေးရဲ့ ရောဂါက အရင်လိုပဲ အချိန်တန်လို့ ပြန်ကျသွားတာ၊ တကယ်တော့ ဘာကုသမှုမှ မလိုဘူး၊ ဂျန်ရှီက ချိန်ကိုက် အဲမှာ ရှိနေတာနဲ့ တိုက်ဆိုင်သွားတာ၊ ဂျန်ရှီက အသက်ဘယ်လောက် ရှိသေးလို့လဲ၊ သခင်လေးကို ကုသရမဲ့ ဆေးပညာကို သူ ဘယ်လိုလုပ် နားလည်မှာလဲ၊ သခင်လေး ပြန်ကောင်းအောင် သူ ဘာမှ လုပ်ပေးနေစရာမှ မလိုတာ၊ ဒါကို သူက အရှက်မဲ့ပြီး သူ လုပ်ပေးတယ်ဆိုပြီး ဈေးဗန်းခင်းသွားတာ၊ ဂျန်ရှီက တကယ်ပဲ ပြုပြင်လို့ မရတဲ့ကောင်။ အာ့ဂျင်က စူးစူးဝါးဝါး တုံ့ပြန် ပြောဆိုသည်။
ဖျန်း.....
ဖန်ဂျင်က ဒေါသမထိန်းနိုင်တော့သဖြင့် အာ့ဂျင်ကို ပါးဖြတ်ရိုက်လိုက်သည်။ အာ့ဂျင်ပါးက ချက်ချင်းပင် ရောင်ကိုင်းသွားလေ၏။ သူက သူ့ပါးကို လက်ဖြင့် အုပ်ထားလိုက်သည်။ သူ့မျက်လုံးများက ပြုးကျယ်နေပြီး ဒေါသထွက်နေသော ဖန်ဂျင်ကို စူးစူးရဲရဲ ကြည့်လေ၏။
တစ်ချိန်လုံး တိတ်ဆိတ်နေသော ဖန်ချီက သက်ပြင်းချ၍ နူးညံ့သော လေသံဖြင့် အာ့ဂျင်ကို ပြောသည် အာ့ဂျင်... ဘာလို့ အရင်ဆုံး ထွက်မသွားရတာလဲ၊ ငါ ဖန်ဂျင်နဲ့ ပြောလိုက်အုံးမယ်။
အာ့ဂျင်က စပ်ဖျဉ်းဖျဉ်း နာကျင်နေဆဲ ဖြစ်သော သူ့ပါးကို လက်ဖြင့် အုပ်၍ နှုတ်ခမ်းကို ကိုက်ကာ အခန်းထဲမှ ထွက်သွားသည်။
ဖန်ဂျင်က အာ့ဂျင် ထွက်သွားတာကို ကြည့်နေပြီး ထို့နောက် တံခါးကို ဆောင့်ပိတ်လိုက်သည်။ သူက ပြန်လှည့်လာကာ ထိုင်ခုံပေါ် ပစ်ထိုင်လိုက်သည်။
အာ့ဂျင်က ဒီလိုမျိုးဆိုတာ မင်းလည်း ကောင်းကောင်း သိနေတာပဲကွာ၊ ဘာလို့ မင်းက သူ့ကို အတည်ကြီး မှတ်နေရတာလဲ ဖန်ချီက ဒေါပွနေသော သူ့သားကို ကြည့်၍ ကူကယ်ရာမဲ့သလို ခေါင်းယမ်းလျက် ပြောသည်။
ဖန်ဂျင်က မချင့်မရဲ ဖြစ်နေဆဲဖြင့် ပြောသည် ဒါ ဒီလောက် ဆိုးမှန်း ကျနော် မထင်မိဘူး၊ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ သူ တကယ်ပဲ လွန်လွန်းသွားပြီ၊ ဂျန်ရှီရဲ့ အကျင့်ကို ကျနော် သေသေချာချာ နားလည်တယ်၊ အဲကောင်လေးက စကားများများ မပြောဘူး၊ ဒါပေမဲ့ တမင်သက်သက် ဘယ်သူ့ကိုမှ မနှောင့်ယှက် မစော်ကားဘူး၊ ဇိုလေး ဒီတစ်ကြိမ် ပြန်ကောင်းသွားတာ ဂျန်ရှီ အချိန်မီ ကုသပေးလိုက်လို့၊ ဂျန်ရှီက သူ့အခြေအနေကို တည်ငြိမ်အောင် လုပ်ပေးလိုက်လို့သာ, နို့မို့ဆို အခု ဇိုလေး ဘာဖြစ်သွားမလဲ မတွေးရဲစရာ၊ အာ့ဂျင်က ကျောင်းတော်မှာ မဟုတ်မဟပ် သတင်းစကားတွေ ကြားပြီးတော့ အလွယ်တကူ ယုံလိုက်တာပဲ၊ ပြီးတော့ ဂျန်ရှီကို အကောက်ကြံ စီမံနေတဲ့ လူဆိုပြီး ယုံလိုက်သေးတယ်၊ သူက ဒီလောက်တောင် မျှော်လင့်ချက်မဲ့တဲ့ လူအတစ်ယောက်ဖြစ်နေတာလား။