၇၉၁။ တိုက်ပွဲစတင်ခြင်း (၆)
ဂျန်ဝုရှီက ပထမတိုက်ပွဲကွင်းပြင်မှ အေးအေးလူလူ လျှောက်လှမ်းထွက်လာသည်။ သူမ အဝေးသို့ မရောက်သေးပေ။ ထိုစဉ် သူမနောက်ဘက်မှ အလျင်လိုနေသော ခြေလှမ်းသံများကို သူမ ကြားလိုက်ရသည်။ သူမ မသိမသာ ခေါင်းလှည့်ကြည့်လိုက်လျှင် သူမထံ အရှိန်တင်၍ ပြေးလာသော နဂါးသတ်ကျောင်းတော်မှ ကျောင်းသားကို တွေ့မြင်လိုက်ရသည်။
ဟိုနေ့ညက ကိစ္စနဲ့ ပတ်သက်လို့, ငါ တကယ်တော့.... လင်းချီက ဂျန်ဝုရှီကို မှီအောင် ခက်ခက်ခဲခဲ ပြေးလိုက်လာရသည်။ ထိုနေ့ညက အဖြစ်အပျက်အတွက် ဂျန်ဝုရှီအား တောင်းပန်ပြီး နောက်လာမည့် တိုက်ပွဲတွင် သူ့အား ဆိုးဆိုးရွားရွား မတိုက်ခိုက်ရန် တောင်းပန်ရန် ဟန်ပြင်လိုက်သည်။
သို့သော် သူ့စကားပင် မပြီးသေးချေ။ ထိုစဉ် လှပသော ပုံရိပ်လေးက ရုတ်တရက် လင်းချီနှင့် ဂျန်ဝုရှီကြားမှာ ပေါ်ပေါက်လာလေ၏။
နင်တို့ နှစ်ယောက်ကြားက ပြိုင်ပွဲ မစရသေးဘူးလေ၊ လိပ်ပြာတိုက်ပွဲရဲ့ စည်းမျည်းက တိုက်ပွဲ မစရသေးခင် လုံးဝ တိုက်ခိုက်ခွင့် မပြုထားဘူး။ ချူလင်းယွဲ့က ရုတ်တရက် ဂျန်ဝုရှီ၏ ရှေ့တွင် ရပ်လျက် လင်းချီကို တားထားကာ ပျာယာခတ်နေသော လင်းချီကို သူမက စူးစူးရဲရဲ ခက်ခက်ထန်ထန် ကြည့်လိုက်သည်။
လင်းချီ ခဏလောက် အံ့အားသင့်သွားသည်။ သူမကို ချူလင်းယွဲ့မှန်း ချက်ချင်း မှတ်မိသွားသည်။ သူ့ဦးနှောက်က ရုတ်တရက် အတော်လေး ရှုပ်ထွေးသွားသည်။
(စစ်တံခွန် ကျောင်းတော်က တစ်ယောက်က ဒီမှာ ဘာလာလုပ်တာပါလိမ့်။)
(ပြီးတော့.... သူမက အဲစကားတွေကို ဘာအဓိပ္ပါယ်နဲ့ ပြောတာပါလိမ့်။)
(ဒီစကားရပ်က ငါကပဲ ဂျန်ရှီနဲ့ တိုက်ခိုက်တော့မလို ဘာ့ကြောင့် ဒီအဓိပ္ပါယ် သက်ရောက်နေတာပါလိမ့်။)
ဂျန်ဝုရှီက သူမရှေ့တွင် ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာသော လင်းချီနှင့် ချူလင်းယွဲ့ကို ကြည့်လိုက်သည်။ သူမ မျက်ခုံးများ ပင့်မိသွားသည်။ သူမ စကားပင် မပြောရသေးခင်, ချူလင်းယွဲ့က သူမလက်မောင်းကို ရုတ်တရက် ဆွဲခေါ်သွားတာကို ခံလိုက်ရသည်။
