၃၈၀။ "အကြီးအကဲ ပေါ်ထွက်လာခြင်း - ၁"

678 54 0
                                    

၃၈၀။ အကြီးအကဲ ပေါ်ထွက်လာခြင်း - ၁

နေက ခေါင်းပေါ်တည့်တည့် ရောက်နေလေပြီ။ နေရာက လူများဖြင့် ပြည့်ကျပ်နေသည်။ လေညင်းကျောင်းတော်ဝင်ခွင့် ပထမဆုံးရက်ဖြစ်သည်မို့ လူတိုင်းက ဂိတ်ပေါက်ရှေ့တွင် သူတို့အတွက် နေရာတစ်နေရာစာ ရရန် အပြေးအလွှား ဖြစ်နေကြသည်။

နေက ခြစ်ခြစ်တောက် ပူပြင်းနေသဖြင့် ချမ်းသာသည့် မိသားစုများမှ ပိုးမွေးသလို မွေးမြူခံထားရသည့် လူငယ်များက ညည်းညူနေကြသည်။ သူတို့ခန္ဓာကိုယ်များမှ ချွေးများ တဒီးဒီးကျဆင်းနေကြသည်။ သို့သော် ခံ့ညားသည့် ရုပ်သွင်ကို ထိန်းထားလိုသဖြင့် မြင့်မားသည့် အပူချိန်ကို နည်းလမ်းအမျိုးမျိုးဖြင့် အံတုနေကြသည်။

အထူးသဖြင့် လူတန်းရှည်ကြီး၏ နောက်ဘက်ရောက်နေသူများက အကြာကြီး စောင့်ဆိုင်းနေရမည်ကို သိနေကြသော်လည်း သူတို့ နေရာကို လက်လွှတ်ပစ်ဖို့ မလိုလားကြချေ။ သူတို့၏ အစေအပါးများက မကြာခင် ပြင်ဆင်ပေးလာကြသည်။ ထီးကြီး ထီးငယ် အသွယ်သွယ် မိုးပေးလာကြသည်။ သူတို့ သခင်လေး သခင်မလေးများကို အစေအပါးများက အပူချိန်အောက်တွင် ရပ်နေလျက်ပင် ယပ်ခတ်ပေးနေကြသည်။ တချို့က သူတို့ ရထားလုံးများပေါ်တွင် ထည့်သိမ်းလာခဲ့သည့် ရေခဲဖြင့် သစ်သီးဖျော်ရည်လုပ်ပေးကြသည်။

စက်တင်ဘာလက အပူပြင်းဆုံး လတစ်လတော့ မဟုတ်ပေ။ သို့သော် မွန်းတည့်နေဖြစ်နေသဖြင့် ခေါင်းမူးလောက်အောင် ခြစ်ခြစ်တောက် ပူပြင်းနေခြင်း ဖြစ်သည်။

တချို့ မိန်းကလေးငယ်များက အားနည်းနေသည့် အခြေအနေနှင့် တွေ့ကြုံနေရသဖြင့် နေရာမှာပင် မေ့လဲသွားကြသည်။ ထို့ကြောင့် အပူဒဏ်မှ ကင်းလွတ်အောင် သူတို့ ရထားလုံးများထဲ ခေါ်ဆောင်သွားကြသည်။

အပူလှိုင်းက မကြာခင်မှာပင် စိတ်လှုပ်ရှားတက်ကြွနေကြသည့် လူအုပ်ကို တိတ်ဆိတ်သွားစေတော့သည်။ စကားသောသောညံအောင် ပြောဆိုနေကြသည့် လူငယ်များက အပူဒဏ်ခံလာရသဖြင့် သူတို့ အစေအပါးများကို ယပ်ခတ်ပေးရန် တောင်းဆိုသည့် စကားသံများကိုသာ ထွက်ပေါ်စေနိုင်တော့သည်။ အရည်မရ အဖတ်မရစကားများကို ပြောဆိုလိုသော စိတ်များ ပျောက်ရှကုန်သည်။

ပါရမီရှင်သမားတော်(၂)Место, где живут истории. Откройте их для себя