၄၈၈။ ကာကွယ်သူအဆင့် လိပ်ပြာသားရဲ-၂
ဟိုရှေးကတည်းက အောက်ဘုံတွင် ကာကွယ်သူအဆင့် လိပ်ပြာသားရဲကို အမဲလိုက်နိုင်သူရှိကြောင်းကို မကြားဖူးကြပေ။
ဒဏ္ဍာရီလာ ခရမ်းရောင်ဝိညာဉ်စွမ်းအားပိုင်ရှင်များသည်ပင် ကာကွယ်သူအဆင့် လိပ်ပြာသားရဲနှင့် ရင်ဆိုင်တွေ့ရလျှင် ထွက်ပြေးကြရသည်။ ခရမ်းရောင်ဝိညာဉ်စွမ်းအားပိုင်ရှင်များက အင်အား၏ အထွတ်အထိပ်သမားများ ဖြစ်ကြသည်။
အောက်ဘုံတွင် ခရမ်းရောင်အဆင့် ဝိညာဉ်စွမ်းအားရှင် မပေါ်ပေါက်တာ အလွန်ကြာညောင်းခဲ့ပြီ။ ရူလင်းစစ်တပ်မှာပင် မတည်ရှိခဲ့ပေ။
ပြင်းပြင်းထန်ထန် မာန်ဖီသံကို ကြားရလျှင် ဖန်ဂျင့်မျက်နှာသာ သွေးဆုတ်ဖြူရော်သွားသည် မဟုတ်ဘဲ ကျောက်ချူတို့အုပ်စုလည်း ကောင်းမွန်သည့် အနေအထားမှာ ရှိမနေပေ။ သူတို့က ရူလင်းစစ်တပ်နှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိကြချေ။ သို့သော် သူတို့၏ သူရဲကောင်းဆန်ခြင်း, ကိုယ်ကျိုးစွန့်အနစ်နာခံခြင်းကို ကြားရပြီးနောက် သူတို့အဖွဲ့က ရူလင်းစစ်သားများအပေါ် လေးစားလာကြသည်။
ဘာလို့ သူတို့က ကာကွယ်သူအဆင့် လိပ်ပြာသားရဲနဲ့ တွေ့ကြုံရတာလဲ၊ ဒီမှာ ရှိတဲ့ လိပ်ပြာသားရဲအားလုံးက သူတို့ကို မနှောင့်ယှက်ရင်, ဒါမှမဟုတ် သူတို့ကို မတိုက်ခိုက်ရင်, သူတို့က စပြီး မတိုက်ခိုက်ကြဘူးမို့လား, လက်တုံ့မပြန်ဘူးမို့လား ရောင်းရူက ပြောသည်။ သူမ အသွင်အပြင်လည်း ကောင်းမွန်မနေပေ။
ရောင်းရူစကားများကို ကြားပြီးနောက် သူတို့အဖွဲ့က သုံးသပ်ချက်တစ်ခုကို အတူတူ ကောက်ချက်ဆွဲမိသွားသည်။
ရူလင်းစစ်သားများက တိုက်ပွဲအတွေ့အကြုံ ရင့်နေသူများ ဖြစ်ကြသဖြင့် ဒီလိုမျိုး အဆောတလျင် နမော်နမဲ့ လုပ်တတ်သူများ မဟုတ်ကြချေ။ သူတို့ မနိုင်မှန်း သိသော ကာကွယ်သူအဆင့် လိပ်ပြာသားရဲကို နှောင့်ယှက်တာက ဖြစ်နိုင်ချေ မရှိပေ။ ကာကွယ်သူအဆင့် လိပ်ပြာသားရဲကို နှောင့်ယှက်မည့်သူက နင်ရှင်းတို့ အဖွဲ့သာ ရှိရမည်။ သူတို့က ရူလင်းစစ်သားများအပေါ် စိတ်ထားယုတ်မာပြီး လုပ်ကြံကြတာ ဖြစ်နိုင်သည်။
