၂၅၂။ “ကြိုတင်ပြင်ဆင်ခြင်း”
သည်ရက်များမှာ ဂျန်ရှင်းယန်က ခေါင်းကိုက်စရာ ကိစ္စများကြောင့် ဒုက္ခရောက်နေသည်။ လင်းအိမ်တော်က နန်းတွင်းအရာရှိများဖြင့် ရောနှောလေ့မရှိပေ။ စစ်သူကြီးများက အတင်းအဖျင်းစကားကို ရှောင်လွှဲနိုင်ရန် နန်းတွင်းအရာရှိများကို ရှောင်ကြဉ်ခဲ့ကြပြီး ဂျန်ရှင်းယန်က စာပေအရာရှိများ၏ အဆုံးသတ်မရှိသည့် စကားကြောများကို မခံမရပ်နိုင် ဖြစ်နေရသည်။
သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းမှာ, စစ်ရေးအရာရှိများ စာပေအရာရှိများဖြစ်သည့် နန်းတွင်းအရာရှိများအားလုံးက တိုင်ပင်ထားသလိုပင် နေ့စဉ် လင်းအိမ်တော်သို့ အလည်လာနေကြသည်။ သူတို့က လင်းအိမ်တော်ထဲ ရောက်သည်နှင့် အပြုံးပန်းများ ဖူးပွင့်ဝေဆာနေကြပြီး သူတို့စကားပြောဆိုတာက ဂျန်ဝုရှီအား မေးမြန်းခြင်းသို့ ဦးတည်သွားကြသည်။
ဂျန်ရှင်းယန်က အစတွင် သူတို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်လာခြင်း၏ အကြောင်းကို မရိပ်မိခဲ့ပေ။ သို့သော် သူတို့စကားအားလုံးက သူ့မြေးမလေးအကြောင်းသို့သာ ရောက်ရောက်သွားသဖြင့် နောက်ဆုံးမှ သူ သဘောပေါက်သွားတော့သည်။
ထိုအရာရှိများအားလုံးက သူ့ ဝုရှီအပေါ် မျက်စိကျနေကြပြီး အောင်သွယ်ရန် လာရောက်ကြခြင်း ဖြစ်သည်။
အရင်တုန်းက ဂျန်ဝုရှီ၏ ဂုဏ်သတင်းက ဆိုးရွားခဲ့သည်။ သူမက ဇွတ်တရွတ်နိုင်ပြီး စည်းမျဉ်းစည်းကမ်းလည်း မရှိခဲ့ပေ။ ထို့ပြင် ဒုတိယမင်းသားလေး မိုရွှမ်ဖေးနှင့် စေ့စပ်မှု ပျက်ပြားခြင်းကြောင့် အရှက်ရစရာ အဖြစ် အရာရှိများက သတ်မှတ်ယူဆထားကြသည်။ ဘုရင်အသစ်က ဂျန်ဝုရှီကို များစွာ ချီးမြှင့်မြှောက်စားသော်လည်း အရာရှိများ၏ ဂျန်ဝုရှီအပေါ်ထားသည့် အဆိုးမြင်ချက်ကို ပြောင်းလဲပစ်ဖို့ မလုံလောက်ခဲ့ပေ။
သို့သော် သူမက အသာစီး ပြန်ရောက်သွားဟန် တူသည်။
