၂၂၆။ "လူကြီးလူကောင်းတစ်ယောက်အတွက်သာ ဖြစ်တယ် - ၁"

1.2K 100 0
                                    

၂၂၆။ “လူကြီးလူကောင်းတစ်ယောက်အတွက်သာ ဖြစ်တယ် - ၁”

ထိုမြင်ကွင်းက မဲနယ်ရောင်ဝိညာဉ်စွမ်းအားရှင်းကို မျက်နှာ ဖြူရော်သွားစေသည်။ သူ့မျက်စိရှေ့မှာတင် ချင်းယန်ကလန် တပည့်သုံးယောက်က ရက်ရက်စက်စက် အသတ်ခံလိုက်ရလေပြီ။ နောက်ဆုံးကျန်ရှိနေသည့် တပည့်တစ်ယောက်က အနက်ရောင်သားရဲကြီး၏ အလင်းလို လျင်မြန်သည့် တိုက်ကွက်များအောက်တွင် အလူးအလဲ ဖြစ်နေသည်။

ထို့ပြင် လူငယ်က အပြာရောင်ဝိညာဉ်စွမ်းအားရှင် မိန်းမစိုး ဝေနှင့် တိုက်ခိုက်နေလေပြီ။ အမူးသမားကြာပန်းက အပြာရောင်စွမ်းအားရှင်နှင့် ရင်ဆိုင်တိုက်ခိုက်နေရသော်လည်း နှေးကွေးလေးလံသွားခြင်း မရှိချေ။ သူ့တိုက်ကွက်များက စိုးမိုးလွန်းသည်။ အနိုင်ကျင့်လွန်းသည်။ သူက အစိမ်းရောင်စွမ်းအားရှင်နှင့် တိုက်ခိုက်ခဲ့တုန်းလိုပင်။ အစိမ်းပဲ ဖြစ်ဖြစ်, အပြာပဲ ဖြစ်ဖြစ် အမူးသမား ကြာပန်းအတွက် အနည်းငယ်မျှ ထူးခြားမသွားပေ။

လူငယ် ပြသသွားသည့် စွမ်းရည်နှင့် အပြာရောင်ဝိညာဉ်စွမ်းအားရှင်ကို လွှမ်းမိုးနိုင်သည့် သူ့လုပ်ရပ်ကို ကြည့်နေရင်း, မဲနယ်ရောင်စွမ်းအားရှင် ဖြစ်သည့် သူက သူနှင့် ပြိုင်ဘက် ဖြစ်နိုင်ရဲ့လားဆိုတာကို သူ့ကိုယ်သူ စဉ်းစားနေမိသည်။

စွမ်းအားကြီးလွန်းသည့် သည်မိစ္ဆာက အနက်ဆုံး ဘယ်ငရဲကနေ တက်လာရသနည်း။

မဲနယ်ရောင်စွမ်းအားရှင်က အမူးသမား ကြာပန်းလေးကို စာချုပ်ဝိညာဉ်ဟူ၍ပင် မသုံးသပ်နိုင်ခဲ့ပေ။

သည်ကမ္ဘာတွင်, လက်နက်ပုံစံနှင့် သားရဲပုံစံ စာချုပ်ဝိညာဉ်များကိုသာ ကျယ်ကျယ်ပြန့်ပြန့် သိကြသည်။ လူငယ်က အပင်အမျိုးအစား စာချုပ်ဝိညာဉ်မျှသာ ဖြစ်သည်လို့ မည်သူက တွေးထင်မိမည်နည်း။ ထို့ပြင်, အမူးသမား ကြာပန်းက လူသားပုံစံ ပြောင်းနိုင်သည့် စွမ်းရည်ပိုင်ဆိုင်ထားသော အပင်အမျိုးအစား စာချုပ်ဝိညာဉ် ဖြစ်နေသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now