၈၇၉။ ကြောက်စိတ်မွှန်ခြင်း(၂)
ဘုရင်ကြီးကိုယ်တိုင် ချူလင်းယွဲ့အနားမှာ နေရာချပေးထားသော သမားတော်ကြီး လီကား ထိုအခိုက်မှာ နေရာမရ ဖြစ်သွားခဲ့သည်။
ထောင်ချီသားရဲမြို့တော်မှ လူများ စတင်စစ်ဆေးသည်နှင့် ထိုအရိုးဆွေး သမားအိုကြီးက တောင့်ခံနိုင်မည် မဟုတ်ပေ။
ဘုရင်ကြီးက သူ့အား လျှို့ဝှက်အမိန့်ပေးခဲ့ကြောင်းကို ထိုသမားအိုကြီး မကြာခင်မှာပင် ထုတ်ဖော်ပြောလိမ့်မည်။
မင်း ဒီလောက် ကြောက်နေစရာ မလိုပါဘူး၊ ငါ ဒီကိစ္စကို ဖြေရှင်းလိုက်မယ် ဘုရင်ကြီးက လေ့ဖန်၏ ပခုံးကို စိတ်သက်သာရစေရန် ပုတ်လျက် ပြောသည်။ ဘုရင်ကြီးက သူ လုပ်သင့်သည့် အရာများကို အနည်းငယ် ညွှန်ကြားပြီးနောက် သူ့ကို ပြန်အနားယူခိုင်းလိုက်သည်။
လေ့ဖန်ထွက်သွားတာကို စောင့်ဆိုင်းပြီးနောက် ဘုရင်ကြီးက သူ့ထိုင်ခုံမှာ ပြန်မထိုင်သေးပေ။
အနက်ရောင်ဝတ်စုံရှင် လူကြီးက ရုတ်တရက် ဘုရင့်စာကြည့်ခန်းတွင် ပေါ်လာသည်။
ဂျန်ဝုရှီက ဘယ်လို ဖြစ်ရတာလဲ၊ မင့်လက်အောက်ခံတွေက အသုံးမကျကြတော့ဘူးလား၊ ချီတိုင်းပြည်က ဒီလောက် အရေးပါတဲ့ လူတစ်ယောက် ရန်တိုင်းပြည်ကို ရောက်လာတာ မင်းတို့ အားလုံး မသိကြဘူးလား ဘုရင်ကြီးက အနက်ရောင်ဝတ်စုံရှင်ကို ဒေါသတကြီး ကြည့်လျက် မေးသည်။
အနက်ရောင်ဝတ်စုံရှင် လူကြီး တောင့်တင်းသွားပြီး တံတွေးမျိုချမိသွားသည် အရှင့်ငယ်သားက ဒီအဖြစ်အပျက်ကို ထောက်လှမ်းဖို့ ကျရှုံးသွားပါတယ်၊ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်တွေမှာ ချီတိုင်းပြည်က တစ်ယောက်ယောက် ဒီနေပြည်တော်ကို လာရောက်တယ်ဆိုတဲ့ ဘယ်သတင်းစကားကိုမှ မရခဲ့ပါဘူး၊ ချီတိုင်းပြည် လင်းအိမ်တော် သခင်မလေးက ဒီရောက်လာချိန်မှာ သူ့မူရင်းဇာစ်မြစ်ကို ရည်ရွယ်ချက်ရှိရှိ ဖုံးထားတာ ဖြစ်ပါလိမ့်မယ်၊ ဒါ့ကြောင့် ဘယ်သူမှ အဲအကြောင်းကို မသိလိုက်ကြတာပါ။
အသုံးမကျတဲ့ ငမိုက်သားတွေ... ခုတလော မင်းကို ပေးအပ်တဲ့ တာဝန်တွေ ဆိုးသထက် ဆိုးလာပြီ၊ ဇောင်းရွှမ်ကို ခုထိ ရှာမတွေ့သေးဘူး၊ လင်းအိမ်တော်က လူက ရန်တိုင်းပြည် ဘုရင့်နေပြည်တော်ကိုတောင် အခု ကြိုက်သလို ဝင်ထွက်သွားလာနေပြီ။ ဘုရင်ကြီး ဒေါသထွက်လွန်းသဖြင့် သိသာထင်ရှားစွာ တုန်ယင်နေလေ၏။