၇၅၄။ ရန်တိုင်းပြည် (၅)

405 46 1
                                    

၇၅၄။ ရန်တိုင်းပြည် (၅)

ရန်တိုင်းပြည်က ကျောင်းတော်အသီးသီးအတွက် အကောင်းဆုံး စီမံခန့်ခွဲပေးထားသည်။ လေညင်းကျောင်းတော်မှ ဧည့်သည်များကို ကြိုဆိုရန် လူများ အသင့်စောင့်ဆိုင်းနေကြသည်။

မနှစ်က လေညင်းကျောင်းတော်က အခြွေအရံ အယောက်သုံးဆယ်လောက် ခေါ်ယူလာခဲ့သည်။ ရန်တိုင်းပြည်က လေညင်းကျောင်းတော်အတွက် အယောက်ငါးဆယ် ဝင်ဆံ့သော နေရာကို ပြင်ဆင်ပေးထားသည်။ ထို့ကြောင့် တည်းခိုအိမ်ပိုင်ရှင်က လူဆယ်ယောက်သာ ကျိုးတိုးကျဲတဲဖြင့် ဝင်ရောက်လာတာကို တွေ့မြင်ရလျှင်, သူ့မျက်နှာရှိ အပြုံးက ရုတ်ချည်း ခဏလောက် အေးခဲသွားရသည်။ သို့သော် သူက အမြန် ပြန်ပြင်၍ သူတို့အား အပြုံးဖြင့် ကြိုဆိုရန် ရှေ့တက်သွားလိုက်သည်။

ကျနော်တို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေကို ကြိုဆိုပါတယ်၊ အခန်းအားလုံးကို ပြင်ဆင်ပြီးပါပြီ၊ ကျနော်တို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်များ ခဏတဖြုတ်လောက် အနားယူဖို့ ဖိတ်မံလိုပါတယ်၊ အစားအသောက်က မကြာခင် ပြင်ဆင်ပြီးမှာပါ၊ ဂုဏ်သရေရှိ ဧည့်သည်များ အနားယူပြီးရင်, ဒုတိယထပ် ခန်းမကြီးထဲမှာ အစားအသောက်နဲ့ ကျနော်တို့ ဧည့်ခံကျွေးမွေးပါ့မယ် တည်းခိုအိမ်ပိုင်ရှင်က သွက်လက်ချက်ချာစွာ အပြုံးဖြင့် ကြေညာသည်။

ဂျန်ဝုရှီက အသာအယာ ခေါင်းညိတ်ပြသည်။ သူတို့အားလုံး သက်ဆိုင်ရာ အခန်းအသီးသီးသို့ သွား၍ အထုပ်အပိုးများကို နေရာချထားလိုက်ကြသည်။

သူမအခန်းသို့ ရောက်လျှင်, ဂျန်ဝုရှီက သူမသယ်ယူလာသော အထုပ်အပိုးများကို ချထား၍ ကြောင်နက်လေးကို ပွေ့ချီလိုက်သည်။

လွန်ခဲ့သည့် တစ်လကျော်လောက်က လိပ်ပြာတိုက်ပွဲ ဝင်ရန် သူတို့ ဆုံးဖြတ်ခဲ့ကြသည်။ ဖန်ဂျင် ပြောခဲ့သလိုပင် လေညင်းကျောင်းတော်က အခက်တွေ့ခဲ့သည်။ သူတို့က အတော်လေး အခြေအနေဆိုးရွားသည့် အနေအထားမှာ ရှိနေကြသည်။ အတော်အတန် အရည်အချင်းရှိသော ကျောင်းသားများက ကျောင်းထွက်ရန် ရွေးချယ်သွားကြသည်။ ဟိုဟိုဒီဒီ အကြောင်းပြလျက် ကျောင်းထွက်ခွင့်စာ တင်သွားကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now