၂၄၂။ “ကုသခြင်း - ၁”
အနက်ရောင်သားရဲကြီးက မိုချင်းယွမ်ကို ကျောပေါ်မှာ သယ်ဆောင်၍ ဂျန်ဝုရှီနောက်မှ လိုက်လာသည်။ သူမက မိုချင်းယွမ်၏ နန်းတော် အိပ်ဆောင်သို့ သွားသည်။ အစောင့်များ နန်းတွင်းသူများက ဂျန်ဝုရှီ ရောက်ရှိလာတာကို မြင်လျှင် သူတို့အားလုံး နောက်ဆုတ်၍ လမ်းဖယ်ပေးကြသည်။ သူတို့က ထူးဆန်းသည့် အခြွေအရံများကို မျှော်ကြည့်ကာ စူးစမ်းကြသည်။
မိုချင်းယွမ်၏ ဒဏ်ရာများက ပြင်းထန်သည်။ အဆိပ်မိနေရုံတင်မကဘဲ အမျိုးစုံသော ဒဏ်ရာဒဏ်ချက်များလည်း ရှိနေသည်မို့ သူ့အသက်က အဆုံးသတ်တော့မလိုလို ဖြစ်နေသည်။ အတော်အကျပ်အတည်းဖြစ်နေပြီး သူမစွမ်းရည်ဖြင့်ပင် ကုသဖို့ ခက်ခဲနေသည်။
ဂျန်ဝုရှီက အမူးသမားကြာပန်းကို မိုချင်းယွမ်အား အိပ်ရာပေါ်သို့ ပြောင်းရွှေ့ခိုင်းလိုက်ပြီး ချက်ချင်းပင် ဆေးပုလင်းမျိုးစုံကို ထုတ်ယူလိုက်သည်။ ထို့နောက် သူမက ငွေအပ်များကို ကိုင်၍ လျင်မြန်တိကျသည့် အပ်စိုက်ကုထုံးဖြင့် အဓိကသွေးကြောများကို အပ်စိုက်ကုသသည်။
အမဲရောင်သန်းနေသည့် သွေးများက အပ်များမှ တဆင့် စီးကျလာသည်။ တုံ့ဆိုင်းဆိုင်း လုပ်မနေဘဲ ဂျန်ဝုရှီက သက်စောင့်ဆေး သုံးလုံးကို မိုချင်းယွမ်အား တိုက်လိုက်သည်။ ထို့နောက် အရေးကြီး ဒဏ်ရာများကို စတင်ကုသသည်။
ဂျန်ဝုယောင်းက လက်ပိုက်ပြီး ပြုံးတုံ့တုံ့ဖြင့် ရပ်နေကာ အသက်တစ်ချောင်းကို ကယ်တင်ရန် အဆုံးသတ်မရှိ ကြိုးစားအားထုတ်နေသည့် ဂျန်ဝုရှီ၏ သွက်လက်လျင်မြန်သည့် လက်များနှင့် စိတ်ဝိညာဉ်ကို စူးစမ်းကာ ကြည့်နေသည်။
“ညောင်”
(သခင်မလေး, ဒီငနုံ ဘုရင်က တကယ်ကြီး ဒဏ်ရာပြင်းထန်နေတာပဲ။)
မိုချင်းယွမ်ကို သယ်ဆောင်လာသည့် အနက်ရောင်သားရဲကြီးက အိပ်ခန်းဆောင်တွင် သူ့လက်ဖဝါးများကို လျှာဖြင့် လျက်နေသည်။ မိုချင်းယွမ်၏ အသက်ရှုသံက သဲ့သဲ့သာ ရှိတော့တာကို သူ ခံစားနေမိသည်။ သူက သေခါနီးနီး ဖြစ်နေလေပြီ။
