၆၈၉။ နောက်တစ်ကြိမ် တွေ့ခြင်း (၁)
တိုတောင်းသော နှစ်ပတ်လောက်ဖြင့် ဝါးတောအိမ်လေးက ဖုန်များ အထပ်ထပ် ဖြစ်နေလေပြီ။ ငြိမ်သက် အေးချမ်းသော ခြံဝန်းလေးက ပထမဆုံးအကြိမ်အဖြစ် စွန့်ပစ်ခံထားရပုံကို ပြသနေသည်။
ဂျန်ဝုရှီက တံခါးများကို တွန်းဖွင့်၍ ခြံဝန်းလေးသို့ ဦးတည်လိုက်သည်။ တစ်ကြိမ်တစ်ခါက ရင်းနှီးကျွမ်းဝင်ခဲ့သော နေရာကို ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားသည်။
ရုတ်တရက် ခြံဝင်းအလည်တွင် သူမ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူမက တံခါး တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားသော မီးဖိုချောင်ကို လှန်းကြည့်လိုက်သည်။
ဂျန်ဝုရှီ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ သူမ ပုံရိပ်က ဝေဝါး၍ တင်းကျပ်စွာ ပိတ်ထားသော တံခါးရှေ့သို့ ဖျတ်ခနဲ ရောက်သွားသည်။ သူမက မီးဖိုချောင်တံခါးကို ဘန်းခနဲ ကန်ဖွင့်လိုက်သည်။ သူမက လေပွေအသေးစားလို မီးဖိုချောင်ထဲမှာလျင်မြန်ပေါ့ပါးစွာ ရွေ့လျား၍ ထောင့်စွန်းရှိ ကောက်ရိုးများ နောက်ဘက်တွင် ပုန်းခိုနေသော ပုံရိပ်နားသို့ ရောက်သွားပြီး ဆွဲထုတ်လိုက်သည်။
အ..အ..အ ညစ်ပတ်၍ စုတ်ချာနေသော ပုံရိပ်က ဂျန်ဝုရှီ ဆွဲထုတ်တာ ခံလိုက်ရလေ၏။
ထိုလူက လေထဲမှာ ယက်ကန် ယက်ကန် ဖြစ်နေပြီး မပီမသ မရှင်းမလင်း အော်ဟစ်နေသည်။
အာ့ဂျန် ဂျန်ဝုရှီက ညစ်ပတ်စုတ်ချာနေသော ထိုလူ၏ မျက်နှာကို သေချာ ကြည့်၍ နောက်ဆုံးတွင် မည်သူမှန်း မှတ်မိသွားသည်။ သူမ ဖမ်းချုပ်ထားခြင်းကို အသာအယာ ဖြေလျော့ပေးလိုက်သည်။ အာ့ဂျန်ကား မမှတ်မိလောက်အောင်ပင် စုတ်စုတ်ချာချာ ဖြစ်နေလေပြီ။
အာ့ဂျန်က အရင်တုန်းက သပ်ရပ် သန့်ရှင်းသော မျက်နှာကျ ရှိသည်။ အခု ၎င်းမျက်နှာက ဖုန်အညစ်အကြေးများဖြင့် မဲညစ်နေသည်။ ခေါင်းမှာလည်း ကောက်ရိုးအပိုင်းအစများဖြင့် ဆံပင်များ ရှုပ်ပွနေသည်။ အဝတ်အစားများလည်း စုတ်ပြတ်နေပြီး အလွန်ညစ်ထေးနေသည်။ အရင်က သန့်ရှင်းသပ်ရပ်သော သူ့ပုံစံနှင့် လုံးလုံး ဆန့်ကျင်ဘက် ဖြစ်နေလေ၏။