၉၁၁။ ရှုပ်ထွေးသော အကွက်ချ ကြံစည်မှု(၂)
ဂျန်ရှီ၏ အကြည့်မေးခွန်းအောက်တွင် လေ့ချန်က လက်စွပ်နှင့် ပတ်သက်သော သူ သိထားသမျှ အကုန် ပြန်ပြောပြသည်။ လက်ရှိ အုပ်ချုပ်သူ ရှင်ဘုရင်၏ သွေးမျိုးဆက်ဖြစ်သော မီးတိုင်းပြည်၏ ပထမဆုံး ရှင်ဘုရင်မှ စ၍ မိဖုရားကြီးဖြစ်ခဲ့သော မယ်တော်ကြီးအထိ, သူတို့၏ မဆုတ်မနစ် မရမက တောင်းဆိုထားမှု....
ဂျန်ဝုရှီက တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေသည်။ သူမက လက်စွပ်၏ မူရင်းဇာစ်မြစ်ကို မှန်ကန်စွာ ခန့်မှန်းထားပြီးသော်လည်း, ရိုးရိုးစင်းစင်း ကောက်ယူလာခဲ့သော လက်စွပ်က အရေးကြီးသော လျှို့ဝှက်ချက်ကြီးကို ကိုင်စွဲထားမှန်းတော့ သူမ တွေးထင်မထားမိပေ။
မီးတိုင်းပြည် တော်ဝင်လက်စွပ်ကို ပိုင်ဆိုင်တာက, မီးတိုင်းပြည်ကို ပိုင်ဆိုင်တာပေါ့၊ ဒါ့ကြောင့်လည်း ဘုရင်ကြီးက ငါ့ကို သတ်ချင်နေတာလား ဂျန်ဝုရှီက မျက်မှောင်ကုတ်လျက် မေးလိုက်သည်။
ခမည်းတော်က မင်း လက်စွပ်ပိုင်ဆိုင်ထားတာကို မယ်တော်ကြီး သိသွားမှာ စိုးရိမ်နေတာ၊ ဒါ့ကြောင့် မင်းကို ထာဝရ နှုတ်ပိတ်ပစ်ချင်နေတာ။
လေ့ချန်က ခဏလောက် ရပ်တန့်ပြီး ရုပ်ချည်း ထရပ်လိုက်သည်။ သူက အလွန် စိတ်အားထက်သန်သော အမူအရာဖြင့် ဂျန်ရှီကို ကြည့်လိုက်သည်။
ဒီဘုရင့်အမိန့်စာလွှာကို ငါတို့ မျိုးနွယ်စုက ပထမဆုံး ဘုရင်ကြီးကိုယ်တိုင် ရေးသားခဲ့တာ၊ ဒါ့ကြောင့် ငါ့ခမည်းတော်တောင် ဒီအမိန့်ကို မနာခံဘဲ မနေရဲဘူး၊ လက်ရှိ မီးတိုင်းပြည်ရဲ့ နန်းပလ္လင်ကို ဆက်ခံထားသူက တကယ်တော့ ဟာသသက်သက်ပဲ၊ ငါ့ရဲ့ ဒုတိယညီတော်က ရည်မှန်းချက် မရှိဘူး၊ အရည်အချင်းမရှိဘူး၊ တတိယညီတော်က လူတောမတိုးဘူး၊ နှစ်ယောက်လုံးက နန်းပလ္လင်ကို ဆက်ခံဖို့ အရည်အချင်း မပြည့်ဝကြဘူး၊ ငါနဲ့ လေ့ဖန်ကျတော့, နှစ်ယောက်စလုံး နန်းပလ္လင်ကို ဆက်ခံဖို့ တရားတောင် မဝင်ကြဘူး၊ အခု ညီငယ်လေးဂျန်, မင်းပဲ.....
လေ့ချန်၏ စကားလုံးများက ပိုပိုပြီး သက်ဝင်လှုပ်ရှားလာသည်။ သူ့မျက်လုံးများက ထက်သန်ပြင်းပြစွာ တောက်လောင်လာသည်။
