၉၂၈။ အငှားလက်ဖြင့် ရိုက်ခြင်း၊ ပထမပုံစံ(၄)

239 18 0
                                    

၉၂၈။ အငှားလက်ဖြင့် ရိုက်ခြင်း၊ ပထမပုံစံ(၄)

မိဖုရားကြီး၏ စကားသံကို ကြားရလျှင် ဘုရင်ကြီး ပြုံးပျော်သွားသည်။ တခြားကုစားနည်း ရှိတာကို မိဖုရားကြီး ပြောခဲ့တာ မထူးဆန်းတော့ပေ။ သူမ၏ အိပ်ဆောင်အတွင်းရှိ ပုဂ္ဂိုလ်က သူမ ခေါ်ဆောင်ထားသော နတ်ဆေးသမားတော် ဖြစ်ရမည်။

ဘုရင်ကြီးက အထဲဝင်ရန် နောက်တစ်ကြိမ် တံခါးတွန်းဖွင့်မလို့ လုပ်လိုက်သည်။ ထိုစဉ်မှာပင် နောက်ထပ် ထွက်ပေါ်လာသော အသံကြောင့် ဘုရင်ကြီး၏ အပြုံးက အေးခဲသွားလေ၏။

မယ်မယ်က ဒီလို အရေးတကြီး သတင်းကို ပို့လိုက်တော့, ဒီက ဘယ်လိုလုပ် ကြန့်ကြာရဲပါ့မလဲ။

၎င်းအသံက ဘုရင်ကြီးထံ ဆယ်စုနှစ်ပေါင်းများစွာ အမူထမ်းခဲ့သော ယောက်ျားတစ်ယောက်၏ အသံဖြစ်သည်မှာ ရှင်းလင်းလှသည်။ သူက မီးတိုင်းပြည်၏ လက်ရှိ အမတ်ချုပ်ကြီးပင်။

ဘာလို့ အမတ်ချုပ်ကြီးက မိဖုရားကြီးအိပ်ဆောင်မှာ ပေါ်လာရတာလဲ။

ဘုရင်ကြီး မျက်မှောင်ကုတ်သွားသည်။ သို့သော် သူ တစ်ခုခု အထင်လွဲမှားနေတာ ဖြစ်နိုင်ကြောင်း စဉ်းစားလိုက်သည်။

ဒီတော့ ဒီက မိဖုရားကြီးကို စိုးရိမ်နေလို့ လာတာလား၊ ဒါမှ မဟုတ် သူ့အဖေက သူ့သားကို စိုးရိမ်ပူပန်နေလို့ လာတာလား မိဖုရားကြီးက ပြောလိုက်သည်။ သူမအသံက စနောက်လိုရိပ် ပါဝင်နေသည်။

ဟွေ့လေးရဲ့ စကားက ဒီနိမ့်ကျတဲ့ အစေခံကို တကယ်ပဲ နာကျင်စေတယ်၊ ဖန်လေးက ကိုယ့်သားပဲလေ၊ ဒါပေမဲ့ ကိုယ့်ကြောင့် သူ့ကို မွေးဖွားပေးခဲ့တာ မဟုတ်ဘူးလားလို့၊ ကိုယ့်သားလေးရဲ့ အခြေအနေကို မြင်ရတော့ ကိုယ့်နှလုံးသား နာကျင်ပင်ပန်းရတယ်၊ ဒါပေမဲ့ မင်းလည်း အတူတူပဲ နာကျင်ရတယ်မဟုတ်ဘူးလား။

ဘုရင်ကြီး၏ မျက်နှာက ချက်ချင်းပင် မဲမှောင်သွားလေ၏။

ဟွေ့လေးဆိုသည်က မိဖုရားကြီး နန်းတွင်းသို့ မဝင်ခင် သုံးခဲ့သည့် နာမည်ဖြစ်သည်။

ဘာလို့ စကားနာထိုးရတာလဲ၊ ရှင့်ရဲ့ ဒီမယ်မယ်က ကနေ့ အတော်လေး ကြောက်လန့်ပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားခဲ့တာ၊ လုပ်ကြံသတ်ဖြတ်သူက ဘာ့ကြောင့် လာမှန်း စဉ်းစားလို့ကို မရဘူး၊ သူက သားလေးဖန်ကို အသုံးချပြီး ဘုရင်ကြီးရဲ့ ခန္ဓာကိုယ်ကို ထိခိုက်နာကျင်အောင် လုပ်လို့ ရမယ်လို့ စဉ်းစားထားတာလား မသိဘူး၊ ဒါပေမဲ့ သားလေးဖန်က ဘုရင်ကြီးရဲ့ သားတော်အရင်း မဟုတ်တော့, သူ့သွေးက သားလေးဖန်ကို ကယ်တင်လို့ မရဘူးလေ၊ ဒီတော့ ဘာလို့ ရှင့်ရဲ့ ဒီမယ်မယ်က သူ့ကို နည်းလမ်းပေါင်းစုံနဲ့ မလုပ်ဖို့ မဖျောင်းဖျ မတားမြစ်ဘဲ နေရမှာလဲ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now